မော်လမြိုင် ဇွန် ၁၂
ပြီးခဲ့တဲ့ ဇွန် ၉ ရက် မွန်းလွဲပိုင်းက မွန်နဲ့ ကရင်ပြည်နယ်အစပ် ပိုင်ရပ်ကျေးရွာမှာရှိတဲ့ စာသင်ကျောင်းကို စိစစ်ဆဲ အကြမ်းဖက်အဖွဲ့က လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ ဒီနေ့ ဇွန် ၁၂ ရက်ထုတ် စစ်ကောင်စီ ဝါဒဖြန့် သတင်းစာတွေမှာ ဖော်ပြပါတယ်။
ဇွန် ၉ ရက်နေ့ မွန်းလွဲ ၁ နာရီ ၄၅ မိနစ်အချိန်ခန့်မှာ စစ်ကောင်စီရဲ့ ဂျက်ဖိုက်တာ လေယာဉ်တစ်စင်းက ပိုင်ရပ်ကျေးရွာထဲကို ကလပ်စတာဗုံးသီးအမျိုးအစားနဲ့ ကြဲချတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ KNU ဒူးပလာယာခရိုင်က သတင်းထုတ်ပြန်ထားတာပါ။
အဲဒီလို တိုက်ခိုက်မှုကြောင့် ကျောင်းဆရာမနဲ့ ကျောင်းသားကျောင်းသူတွေ အပါအဝင် အရပ်သား ၅ ဦးသေဆုံးခဲ့ပြီး ၂၀ ကျော် ထိခိုက်ဒဏ်ရာ ရရှိခဲ့တာပါ။
အပြစ်မဲ့အရပ်သား ပြည်သူတွေ နေထိုင်တဲ့ မြို့၊ ရပ်ကွက်၊ ကျေးရွာတွေ အတွင်းကို အကြမ်းဖက်သမားတွေက တိုက်ပွဲဖော်ဆောင်တာ၊ လက်နက်ကြီး၊ ရှော့တိုက်ဒုံး၊ Drop Bomb တွေနဲ့ ပစ်ခတ်တိုက်ခိုက်တာတွေ လုပ်ဆောင်မှုကြောင့် နိုင်ငံ့ဝန်ထမ်း ၁ ဦးအပါအဝင် လုပ်အားပေး ဆရာမနဲ့ ကျောင်းသားကျောင်းသူတချို့ သေဆုံးခဲ့တဲ့အပေါ် ဒေသခံ ပြည်သူတွေက လုံးဝလက်မခံနိုင်ဘဲ ဆန့်ကျင့်ကန့်ကွက်နေကြတယ်လို့ ဝါဒဖြန့်ထားတာပါ။
စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်ချိန်ဟာ စာသင်ကြားနေချိန်ဖြစ်တဲ့အပြင် ပိုင်ရပ်ကျေးရွာအတွင်းမှာလည်း စစ်ရေးတိုက်ပွဲတွေ မရှိတာကြောင့် ဒါဟာ အကြောင်းမဲ့သက်သက် ရည်ရွယ်ချက် ရှိရှိနဲ့ စစ်ကောင်စီဘက်က ဗုံးကြဲတိုက်ခိုက်ခဲ့တာ ဖြစ်တယ်လို့ နယ်မြေခံ သတင်းရင်းမြစ်တွေက ပြောဆိုထားပါတယ်။
သံလွင်တိုင်းမ်
ဓာတ်ပုံ-CJ