နေပြည်တော် ၊ ဇွန် ၁၀
မြန်မာ့အရေးနဲ့ပတ်သက်လို့ တရုတ်နိုင်ငံက နိုင်ငံတကာမျက်နှာစာမှာ ရပ်တည်ထောက်ခံပေးနေမှုကို ကျေးဇူးတင်တယ်လို့ စစ်ကောင်စီဥက္ကဌအဖြစ် တာဝန်ယူထားတဲ့ အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောပါတယ်။
ဇွန် ၈ ရက်နေ့က နေပြည်တော်မှာ ကျင်းပတဲ့ မြန်မာ – တရုတ် နှစ်နိုင်ငံသံတမန်ဆက်ဆံရေးထူ ထောင်မှု ၇၅ နှစ်မြောက် စိန်ရတုအထိမ်းအမှတ်အခမ်းအနားမှာ ထည့်သွင်းပြောကြားခဲ့တာဖြစ်ပါတယ်။
တရုတ်နိုင်ငံရဲ့ မြန်မာနိုင်ငံအပေါ် စဉ်ဆက်မပြတ် အပြုသဘောဆောင်တဲ့ ထိတွေ့ဆောင်ရွက်မှု၊ အားပေးထောက်ခံမှု၊ မြန်မာနိုင်ငံအရေးကိစ္စနဲ့ပတ်သက်လို့ နိုင်ငံတကာမျက်နှာစာမှာ ရပ်တည်ထောက်ခံပေးနေမှုတို့ကို ကျေးဇူးတင်စကား ပြောထားတာပါ။
မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေးနဲ့ အမျိုးသားပြန်လည်စည်းလုံးညီညွတ်ရေး၊ ဖွံ့ဖြိုးတိုးတက်ရေးလုပ် ငန်းစဉ်တွေမှာ မြန်မာအစိုးရရဲ့ (စစ်ကောင်စီ) ကြိုးပမ်းမှုတွေကို အားပေးထောက်ခံပြီး ပံ့ပိုးကူညီပေးနေတာကိုလည်း ကျေးဇူးတင်တယ်လို့ စစ်ခေါင်းဆောင်က ဆိုပါတယ်။
မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းယူပြီးနောက်ပိုင်း ဖြစ်ပေါ်လာတဲ့ နိုင်ငံရေး၊စစ်ရေးအခင်းအ ကျင်းတွေအပေါ် အစောပိုင်းကာလမှာ တရုတ်နိုင်ငံဟာ ကြားနေမူဝါဒနဲ့ ရပ်တည်ခဲ့ပေမယ့် လက်ရှိမှာ ဝင်ရောက်စွက်ဖက်ပြီး စစ်ကောင်စီကို ထောက်ခံနေတာ ဖြစ်ပါတယ်။
တစ်ဘက်က စစ်အာဏာရှင်စနစ်တော်လှန်ရေးမှာ အဓိကကျတဲ့ အမျိုးသားညီညွတ်ရေးအစိုးရ NUG နဲ့ သံတမန်ဆက်ဆံရေးအရ ထိတွေ့မှုအားနည်းသလို ထောက်ခံမှုလည်းမရှိတဲ့အပြင် အ နောက်အုပ်စုရဲ့ လက်ဝေခံအဖြစ် တရုတ်နိုင်ငံအစိုးရက ရှုမြင်နေတာပါ။
နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးကြီးမြင့်ကတော့ တရုတ်အစိုးရက NUG ကို စောင့်ကြည်ခဲ့ပေမယ့် အနောက်နိုင်ငံဘက် ယိမ်းသွားမှာကို စိုးရိမ်သလို မြန်မာပြည်တွင်းက အကျိုးစီးပွားတွေကြောင့် စစ်ကောင်စီဘက်ကို ရပ်တည်လိုက်တာလို့ သုံးသပ်ပါတယ်။
“တရုတ်က သုံးနှစ်စောင့်ကြည့်တယ်၊ NUG စစ်မနိုင်ဘူး၊ EAO တွေနဲ့ ဗမာတွေနဲ့ ညီညွတ်တဲ့မူဝါဒတွေ ဘာမှချမှတ်နိုင်တာ မတွေ့ရဘူး။ အဲဒါတွေကြောင့် (တရုတ်) သူက NUG ကို စိတ်ပျက်သွားတာ။ NUG က တရုတ်ဆန့်ကျင်ရေး လုံးဝမလုပ်ဘူး၊ ဒါပေမယ့်လို့ တရုတ်ကအစ စိတ်ပျက်သွားတာ။ အဲဒီကနေစပြီးတော့ ဘင်္ဂလားဒေ့ရှ်မှာ ရှိတ်ဟာစီနာ ပြုတ်သွားတော့ တရုတ်လိုလားတဲ့ အ စိုးရမရှိတဲ့အခါမှာ အနောက်နိုင်ငံတွေဘက် ယိမ်းသွားမှာကို တရုတ်က အရမ်းစိုးရိမ်သွားတယ်။နောက်ထပ်မြန်မာပြည်ကို အဆုံးရှုံးမခံတော့ဘူးပေါ့၊ အဲဒါ ဝင်လုံးတာလည်း ပါတယ်။ ပြီးတော့ မြန် မာပြည်က တရုတ်အကျိုးစီးပွားတွေက အများကြီးရှိတယ်လေ” လို့ ဆိုပါတယ်။
NUG အနေနဲ့ စစ်မှန်တဲ့ “ဆွေမျိုး-ပေါက်ဖော်” ဆက်ဆံရေးအပါအဝင် တရုတ်တစ်နိုင်ငံတည်း မူဝါဒကိုထောက်ခံပြီး နိုင်ငံတွင်းရှိ တရုတ်ရဲ့ စီးပွားရေးလုပ်ငန်းတွေကို ကာကွယ်မယ်လို့ ၂၀၂၄ ခုနှစ် ဇန်နဝါရီ ၁ ရက်နေ့မှာ တရုတ်နိုင်ငံအပေါ် ရပ်တည်ချက်ကို အသိပေးခဲ့တာပါ။
ဒါပေမယ့် နှစ်နိုင်ငံနယ်စပ်ရှိ ရှမ်းပြည်နယ် မြောက်ပိုင်းက ၁၀၂၇ စစ်ဆင်ရေးအလွန်မှာ တရုတ်အစိုးရဟာ မြန်မာ့အရေးမှာ ကြားဝင်ညှိနှိုင်းမှုခေါင်းစဉ်တပ်ပြီး စစ်ကောင်စီဘက်ကို သိသာစွာ ယိမ်းနေခဲ့တာလို့ လေ့လာသူတွေက ဆိုပါတယ်။
ဒီအခြေအနေကြောင့် NUG အနေနဲ့ နိုင်ငံရေး၊စစ်ရေး၊သံတမန်ရေး စတဲ့နည်းနာတွေနဲ့ တုံ့ပြန်နိုင်ဖို့ လိုအပ်ပြီး စစ်ရေးအရ အနိုင်မပိုင်းနိုင်ရင် ဒီဇင်ဘာမှာ ကျင်းပမယ့် ရွေးကောက်ပွဲအရ စစ်ကောင်စီ နိုင်ငံရေးတရားဝင်မှု ရသွားလိမ့်မယ်လို့ ထောက်ပြကြပါတယ်။
စစ်ကောင်စီကတော့ သံတမန်ရေးအရ တရုတ်နှစ်သစ်ကူးနေ့ကို မြန်မာနိုင်ငံရဲ့ တရားဝင်ရုံးပိတ်ရက်အဖြစ် သတ်မှတ်ပေးခဲ့ပြီး နိုင်ငံတကာဆက်ဆံရေးနယ်ပယ်မှာ တရုတ်တစ်နိုင်ငံတည်းမူဝါဒကို အ ခြေခံကျတဲ့ မူဝါဒအဖြစ် ခိုင်ခိုင်မာမာ ကျင့်သုံးနေတာပါ။
ဒါ့အပြင် မြန်မာနိုင်ငံရှိ တရုတ်စီမံကိန်းနဲ့ ဝန်ထမ်းတွေရဲ့ ဘေးကင်းလုံခြုံမှုကို အစွမ်းကုန်အာမခံပေးသွားမယ်လို့ စစ်ခေါင်းဆောင်က ပြီးခဲ့တဲ့ ရုရှားခရီးစဉ်အတွင်း မော်စကိုမြို့မှာ တွေ့ဆုံခဲ့တဲ့ တရုတ်သမ္မတရှီကျင့်ဖျင်ကို ပြောဆိုခဲ့ပါတယ်။
သမ္မတ ရှီကျင့်ဖျင်ကလည်း ဒီနှစ်ကုန်ပိုင်းမှာ စစ်ကောင်စီ ဦးဆောင်ကျင်းပမယ့် အထွေထွေရွေး ကောက်ပွဲကို အားပေးထောက်ခံကြောင်း စစ်ခေါင်းဆောင်ကို ပြောဆိုထားပြီး လိုအပ်တဲ့ အကူအ ညီတွေလည်း တရုတ်အစိုးရက ပေးအပ်သွားဖို့ ရှိနေတာပါ။
မြန်မာလူထုတွေကတော့ စစ်ကောင်စီဟာ နိုင်ငံ့အာဏာကို မတရားရယူထားတဲ့ စစ်အာဏာရှင်တွေသာဖြစ်တဲ့အတွက် လူထုကိုကိုယ်စားပြုမှု လုံးဝမရှိသလို တရုတ်အစိုးရအနေနဲ့ ပြည်သူ့အသံ နား ထောင်ပေးဖို့ စစ်မှန်တဲ့ ဆန္ဒသဘောထားကို အသိအမှတ်ပြုဖို့ တိုက်တွန်းထားပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-MOI