ကျိုက်ထို၊ ဇွန် ၁၀

မွန်ပြည်နယ် ကျိုက်ထိုမြို့မရဲစခန်းက ဒုရဲအုပ်ဝင်းကြိုင်ဟာ မိမိကိုယ်ကို သေနတ်နဲ့ပစ်ခတ်ပြီး အ ဆုံးစီရင်သွားတယ်လို့ ရဲတပ်ဖွဲ့နဲ့နီးစပ်သူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ဒုရဲအုပ်ဝင်းကြိုင်ဟာ ပြီးခဲ့တဲ့ ဇွန် ၈ ရက်နေ့ မနက် ၈ နာရီအချိန်ခန့်က ရဲစခန်းအတွင်းရှိ နေအိမ်လိုင်းခန်းမှာ တစ်ယောက်တည်းရှိနေချိန် သူကိုယ်သူ သေနတ်နဲ့ပစ်ခတ်ပြီး အဆုံးစီရင်သွားတာ ဖြစ်ပါတယ်။

ရဲစခန်းနဲ့နီးစပ်သူတွေရဲ့ ပြောပြချက်အရ ဒုရဲအုပ်ဝင်းကြိုင်ဟာ စစ်တပ်အရာရှိပိုင်းနဲ့နီးစပ်သူ မိ သားစုဝင်တစ်ဦးအား ဖမ်းဆီးပြီးနောက် ငွေကျပ် သိန်း ၄၀၀ တောင်းခံမှုနဲ့ ပတ်သက်ပြီး စစ်တပ်ဘက်က ဖြေရှင်းဖို့ ဖိအားပေးနေမှုအပေါ် မရှင်းနိုင်ဘဲ သတ်သေသွားတာလို့ ဆိုပါတယ်။

ဒုရဲအုပ်ဝင်းကြိုင် အဆုံးစီရင်မှုအပေါ် ရဲတပ်ဖွဲ့ဘက်က ကျိုက်ထိုမြို့အဝင် မြို့ရှောင်လမ်းအနီး လိုင်စင်မဲ့ယာဉ်ဖမ်းဆီးချိန် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF တွေဘက်က လာရောက်ပစ်သတ်သွားတယ်ဆိုပြီး သတင်းလွှင့်ထားပါတယ်။

ဒုရဲအုပ်ဝင်းကြိုင်ဟာ နယ်ထိန်းခေါင်းဆောင် တစ်ဦးဖြစ်ပြီး ဒေသခံတွေအပေါ် ဖမ်းဆီးငွေညှစ်တာ၊ မသိနားမလည်သူတွေကိုလည်း နည်းလမ်းပေါင်းစုံသုံးပြီး ဖမ်းဆီးငွေညှစ်မှုတွေ အများကြီး ပြုလုပ်ထားတာကြောင့် သူသေဆုံးမှုကို မြို့ခံအများစု ဝမ်းသာနေကြတယ်လို့ ဆိုပါတယ်။

ဒုရဲအုပ်ဝင်းကြိုင် သတ်သေမှုနဲ့ပတ်သက်ပြီး မြို့မစခန်းမှူး၊ မြို့နယ်ရဲမှူးတို့ကို ပြည်နယ်ရဲမင်းကြီးက စုံခုံဖွဲ့စစ်ဆေးမှုတွေ ပြုလုပ်နေတယ်လို့ သိရပါတယ်။

သတ်သေသွားတဲ့ ဒုရဲအုပ်ဝင်းကြိုင်ရဲ့ နာရေးကိုတော့ ဇွန် ၁၀ ရက်နေ့ ညနေပိုင်းမှာ ပြုလုပ်သွားမယ်လို့ ရဲစခန်းနဲ့နီးစပ်သူတွေထံက သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-Social Media

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.