ကော့ကရိတ်၊ ဇွန် ၁၀

ကရင်ပြည်နယ် ကော့ကရိတ်နဲ့ကျုံဒိုးမြို့နယ်ထဲမှာ အခုရက်ပိုင်းအတွင်း တော်လှန်ရေးပူးပေါင်းတပ်နဲ့ စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲဖြစ်ပွားနေပြီး စစ်ကောင်စီတပ်ရဲ့ ပစ်ခတ်တိုက်ခိုက်မှုကြောင့် အရပ်သား တချို့ သေဆုံးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံသတင်းရင်းမြစ်တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ဇွန် ၆ ရက်နေ့ကစလို့ ကျုံဒိုးမြို့ပြင်နားမှာ စစ်ရေးလှုပ်ရှားလာတဲ့ စစ်ကောင်စီတပ်စစ်ကြောင်းတွေနဲ့ တော်လှန်ရေးအင်အားစုတို့အကြား တိုက်ပွဲတွေဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်ဘက်က လက်နက် ကြီးနဲ့ လေကြောင်းပစ်ခတ်တိုက်ခိုက်တာတွေ လုပ်ဆောင်ခဲ့ပြီး ဇွန် ၉ ရက်နေ့အထိ တိုက်ပွဲဆက် လက်ဖြစ်ပွားလျက်ရှိနေတာပါ။

တော်လှန်ရေးအင်အားစုတွေ စိုးမိုးထိန်းချုပ်ထားတဲ့ ကျုံဒိုး-ကော့ကရိတ်လမ်းပိုင်းကို ပြန်လည်စိုးမိုးထိန်းချုပ်နိုင်ဖို့အတွက် စစ်ကောင်စီတပ်က စစ်ကြောင်းထိုးစစ်ရေးလှုပ်ရှားလာတာဖြစ်ပြီး နှစ်ဖက်တိုက်ပွဲတွေ ဖြစ်ပွားနေတာဖြစ်တယ်လို့ စစ်ရေးသတင်းရင်းမြစ်က ပြောပြပါတယ်။

တိုက်ပွဲတွေအတွင်း စစ်ကောင်စီတပ်ရဲ့ လေကြောင်းဗုံးကြဲတိုက်ခိုက်မှုနဲ့ လက်နက်ကြီးတွေ အ ဆက်မပြတ် ပစ်ခတ်တိုက်ခိုက်မှုတွေကြောင့် ကျုံဒိုးမြို့အနီး ကော့ဝါးလဲ၊ နွားခြံကုန်းစတဲ့ ကျေးရွာတွေမှာ နေအိမ်တွေတော်တော်များများ ထိခိုက်ပျက်စီးခဲ့ပြီး အရပ်သားတစ်ဦး လက်နက်ကြီးကျည်ကြောင့် သေဆုံးသွားခဲ့သလို ထိခိုက်ဒဏ်ရာရတဲ့ ဒေသခံအချို့လည်း ရှိနေတယ်လို့ သိရပါတယ်။

ဒါ့အပြင် ကော့ကရိတ်မြို့နယ် မြဝတီ-ကော့ကရိတ် အာရှလမ်းမကြီးပေါ်မှာလည်း စစ်ကောင်စီတပ်ရဲ့ အောင်ဇေယျစစ်ကြောင်းနဲ့ တော်လှန်ရေးပူးပေါင်းတပ်တို့အကြား တိုက်ပွဲတွေ ဆက်လက်ဖြစ် ပွားနေတာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဧပြီလကုန်ပိုင်းက ကျုံဒိုးမြို့အနီးမှာ နယ်မြေစိုးမိုးထိန်းချုပ်ဖို့အတွက် စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်စစ်ကြောင်းကို တော်လှန်ရေးပူးပေါင်းတပ်တွေက ကြားဖြတ်တိုက်ခိုက်ခဲ့ရာမှာ စစ်ကောင်စီတပ်သားတွေ အများအပြား သေဆုံးဒဏ်ရာရခဲ့ကြပြီး ပြန်လည်ဆုတ်ခွာသွားခဲ့တာဖြစ်ပါတယ်။

ကော့ကရိတ်၊ ကျုံဒိုးမြို့အနီးမှာရှိတဲ့ စစ်ကောင်စီတပ်စခန်းတွေကို ပြီးခဲ့တဲ့ ဧပြီ ၁၃ ရက်နေ့ကစပြီး KNLA ဦးဆောင်တဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေက ဝင်ရောက်တိုက်ခိုက်ခဲ့ရာ နှစ်ဖက်တိုက်ပွဲတွေအပြင်းအထန်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီကာကင်းစခန်းနဲ့ စစ်ဆေးရေးဂိတ်တွေကို တော်လှန် ရေးပူးပေါင်းအဖွဲ့က သိမ်းပိုက်နိုင်ခဲ့တာဖြစ်ပါတယ်။

ကော့ကရိတ်၊ ကျုံဒိုးတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးပစ်ခတ်မှုနဲ့ လေကြောင်းဗုံးကြဲတိုက်ခိုက်မှုကြောင့် ဒေသခံပြည်သူ ၂၀ ထက်မနည်း ထိခိုက်သေဆုံးခဲ့ပြီး ၃၀ ကျော် ထိခိုက်ဒဏ်ရာရရှိခဲ့သလို သောင်းနဲ့ချီတဲ့ စစ်ဘေးရှောင်အများစုဟာ ဒီကနေ့အချိန်အထိ နေရပ် ပြန်မနေရဲကြသေးဘူးလို့ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.