ဝါရှင်တန်၊ ဇွန် ၅

လေတပ်အခြေစိုက်စခန်းတွေကို ယူကရိန်းက ဒရုန်းတွေနဲ့ ကြီးကြီးမားမား တိုက်ခိုက်မှုအတွက် လက်တုံ့ပြန်ရမယ်လို့ ရုရှား သမ္မတ ဗလာဒီမာ ပူတင်က ပြောကြားထားကြောင်း အမေရိကန်သမ္မတ ဒေါ်နယ် ထရန့်က သတိပေးထားပါတယ်။

ရုရှားသမ္မတနဲ့ ဖုန်းနဲ့ စကားပြောပြီးနောက် ပြောကြားရာမှာ ထရန့်က သမ္မတ ပူတင် အဲဒီလို အမှန်တကယ် ပြောခဲ့ကြောင်းနဲ့ လေတပ် အခြစိုက်စခန်းတွေ တိုက်ခိုက်ခံရမှုအတွက် လက်တုံ့ပြန်ရမယ်လို့ ပြောကြောင်းလည်း သမ္မတထရန့်က ပြောဆိုလာတာပါ။

ဒီလို ပြောဆိုမှုကို အတည်ပြုဖို့ ရုရှားအရာရှိတွေက ဇွန် ၄ ရက်မှာ ငြင်းဆိုခဲ့ပေမယ့် အဲဒီလို စစ်ရေးအရ လက်တုံ့ပြန်မယ့် ကိစ္စကို ဆွေးနွေးနေတယ်လို့ မော်စကိုက အရင်ကာလမှာ ပြောဆိုခဲ့ပါတယ်။

တစ်နာရီကျော်ကြာမြင့်ခဲ့တဲ့ ဖုန်းခေါ်ဆိုမှုကြောင့် ရုရှားနဲ့ ယူကရိန်းကြား ချက်ချင်း ငြိမ်းချမ်းရေး ရလာမှာ မဟုတ်ဘူးလို့ ထရန့်က ပြောပါတယ်။

ညှိနှိုင်းဆွေးနွေးမှုတွေ အနှောင့်အယှက် ဖြစ်အောင် ယူကရိန်းက လုပ်ဆောင်ခဲ့ပြီး ကိဗ် အစိုးရဟာ လုံးဝ အကြမ်းဖက် အဖွဲ့ တစ်ဖွဲ့ ဖြစ်လာပြီလို့ ပူတင်က ထရန့်ကို ပြောကြားခဲ့ကြောင်း ရုရှားနိုင်ငံပိုင် RIA Novosti သတင်းဌာနက ဖော်ပြထားပါတယ်။

နှစ်နိုင်ငံကြား ပူးပေါင်းဆောင်ရွက်မှု ပြန်လည် စတင်ရေး အလားအလာတွေနဲ့ ပတ်သက်လို့လည်း ခေါင်းဆောင်နှစ်ဦး အမြင်ချင်း ဖလှယ်ခဲ့ကြတယ်လို့ အဲဒီ သတင်းမှာ ဖော်ပြပါတယ်။

ရုရှားနဲ့ ယူကရိန်းကြား ငြိမ်းချမ်းရေး ဆွေးနွေးမှု ဒုတိယအကျော့ မစခင် တစ်ရက်အလိုမှာ ယူကရိန်းက ရုရှား လေတပ် အခြေစိုက်စခန်းတွေကို ဒရုန်းတွေနဲ့ လျှပ်တပြက် တိုက်ခိုက်ခဲ့လို့ ရုရှား ဗုံးကြဲလေယာဉ် ၄၀ ကျော် ပျက်စီးသွားခဲ့ပါတယ်။

ယူကရိန်းရဲ့ တိုက်ခိုက်မှုကို ရုရှားက အတည်ပြုထားပြီး တိုက်ခိုက်မှုမှာ ပါဝင်သူ တချို့ကို ဖမ်းဆီးထားတယ်လို့ ပြောပါတယ်။

ယူကရိန်းက ရုရှား ပိုင်နက်ထဲ ဒရုန်းတွေ ခိုးသွင်းပြီး တစ်နှစ်ကျော်လောက် ပိပိရိရိ စီစဉ်ပြီးနောက် အခုလိုမျိုး တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

Ref:BBC

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.