ဝေါ်လေ၊ ဇွန် ၄

သေဘောဘိုးစခန်းသိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်က သူတို့ရဲ့စခန်းအပေါ် မှားယွင်းဗုံးကြဲတိုက်ခိုက်မိတဲ့အတွက် စစ်ကောင်စီတပ်သား ၃၀ သေဆုံးသွားခဲ့ပြီး ကျန်ရှိခဲ့တဲ့တပ်သားတွေက KNLA တပ်မဟာ ၆ ဦးဆောင်တဲ့ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ထံ အလံဖြူထောင်ပြီး လက်နက်ချခဲ့တယ်လို့ နယ်စပ်သတင်းရင်းမြစ်က သံလွင်တိုင်းမ်ကို ပြောပါတယ်။

မနေ့ ဇွန် ၃ ရက်နေ့ မနက်အစောပိုင်းကစပြီး ကရင်ပြည်နယ် မြဝတီ-ဝေါ်လေ ကားလမ်းပေါ်မှာရှိတဲ့ စစ်ကောင်စီတပ်ရဲ့ သေဘောဘိုးစခန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA တပ်မဟာ ၆ ဦးဆောင်တဲ့ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေက ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ နှစ်ဖက်တိုက်ပွဲ အကြီးအကျယ်ဖြစ်ပွားခဲ့ပါတယ်။

သေဘောဘိုးစခန်းမကျဖို့အတွက် စစ်ကောင်စီတပ်က ဝေါ်လေဗျူဟာကနေတစ်ဆင့် လက်နက်ကြီးတွေနဲ့ ပစ်ကူပေးခဲ့သလို လေကြောင်းကနေလည်း လေယာဉ် ၅ စီးနဲ့ ဗုံးအလုံး ၃၀ ထက်မနည်း လာရောက်ပစ်ချတိုက်ခိုက်ခဲ့ရာ သူတို့ရဲ့ တပ်စခန်းအပေါ် မတော်တဆ မှားယွင်းဗုံးကြဲတိုက်ခိုက်ခဲ့မိပြီး စစ်ကောင်စီတပ်သား ၃၀ သေဆုံးသွားခဲ့တယ်လို့ တိုက်ပွဲဖြစ်စဉ်ကို အနီးကပ်စောင့်ကြည့်နေတဲ့ နယ်စပ် ထိုင်းသတင်းရင်းမြစ်တွေက ဖော်ပြထားပါတယ်။

သေဘောဘိုးစခန်းက စစ်ကောင်စီတပ်သားတွေဟာ နောက်ဆုံးမှာတော့ KNLA တပ်မဟာ ၆ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေရဲ့ ထိုးစစ်ဆင်ချေမှုန်းတိုက်ခိုက်မှုကို မခုခံနိုင်တော့ဘဲ အလံဖြူထောင်ပြပြီး လက်နက်ချသွားတဲ့အတွက် ဇွန် ၃ ရက်နေ့ ည ၆ နာရီကျော်အချိန်မှာ စခန်းကို အပြီးသတ်သိမ်းပိုက်နိုင်ခဲ့တာလို့ ပူးပေါင်းတပ်တွေနဲ့နီးစပ်တဲ့ စစ်ရေးသတင်းရင်းမြစ်တွေက ဆိုပါတယ်။

စစ်ကောင်စီတပ်ရဲ့ သေဘောဘိုးစခန်းကို ပြီးခဲ့တဲ့ မေ ၂၁ ရက်နေ့ကစပြီး KNLA တပ်မဟာ ၆ ဦးဆောင်တဲ့ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေက ဝိုင်းရံပိတ်ဆို့ ဖြတ်တောက်ထားလိုက်ပြီး အဲဒီစခန်းဆီ စစ်ကောင်စီတပ်က ဝေါ်လေဗျူဟာကနေ စစ်ကူပေးပို့နိုင်ဖို့ ကြိုးစာနေပေမယ့် စစ်ကြောင်းဖြတ်တိုက်ခံရလို့ စစ်ကြောင်းတစ်ခုလုံး ပျက်သွားခဲ့တာပါ။

KNLA တပ်မဟာ ၆ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေက သေဘောဘိုးစခန်းကို သိမ်းပိုက်နိုင်ခဲ့တဲ့အတွက် KNU တပ်မဟာ ၆ နယ်မြေ ဝေါ်လေဒေသ ထိုင်းနယ်စပ်နားမှာရှိတဲ့ စစ်ကောင်စီတပ်စခန်းတွေကို ၂ ပတ်အတွင်း စခန်းစုစုပေါင်း ၆ ခု သိမ်းပိုက်နိုင်ခဲ့တာဖြစ်ပါတယ်။ အဲဒီသိမ်းပိုက်နိုင်ခဲ့တဲ့ စစ်ကောင်စီတပ်စခန်း ၆ ခုဟာ ဘလယ်ဒို၊ သေဘောဘိုး၊ ရွှေအေးမြိုင်၊ ကနဲလေး၊ ဘုရင့်နောင်၊ မော်ခီးစခန်းတို့ပဲ ဖြစ်ပါတယ်။

လက်ရှိ ဝေါ်လေဒေသထဲမှာ ကျန်ရှိနေတဲ့ စစ်ကောင်စီတပ်စခန်းတွေကတော့ ဝေါ်လေဗျူဟာအပါအဝင် ဥကရစ်ထစခန်းကြီး၊ ထီးကပလယ်စခန်းနဲ့ အခြား ကာကင်းစခန်းအချို့ ကျန်ရှိနေသေးကြောင်း စစ်ရေးသတင်းရင်းမြစ်တွေက ဆိုပါတယ်။

သေဘောဘိုးတိုက်ပွဲကြောင့် သေဘောဘိုးကျေးရွာအပါအဝင် အနီးအနားကျေးရွာတွေက ဒေသခံပြည်သူ ၅၀၀ ကျော်ဟာ ထိုင်းဘက်ခြမ်းကို စစ်ဘေးရှောင်နေရပြီး တိုက်ပွဲပြင်းထန်မှုကြောင့် ထိုင်းစစ်တပ်က နယ်စပ်လုံခြုံရေးကို စောင့်ကြည့်နေပြီး တိုက်လေယာဉ်တွေပါ စေလွှတ်ကာ လှည့်ပတ်ပျံသန်းခဲ့ရတယ်လို့ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – Cobra Column

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.