သထုံ၊ ဇွန် ၅

မွန်ပြည်နယ် သထုံမြို့နယ် ပိန္နဲတောကျေးရွာနေ ဒေသခံအမျိုးသား တစ်ဦးကို စစ်ကောင်စီစစ် ကြောင်းက ဖမ်းဆီးသတ်ဖြတ်လိုက်တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU သထုံခရိုင် အတွင်းရေးမှူး ပဒိုစောအေးနိုင်က သံလွင်တိုင်းမ်ကို ပြောပါတယ်။

ပြီးခဲ့တဲ့ ဇွန် ၃ ရက်နေ့က သထုံမြို့နယ် ပုရစ်ခိုကျေးရွာနဲ့အင်းရွာကြားတောထဲမှာ စစ်ကောင်စီစစ်ကြောင်းက ဖမ်းဆီးသွားတဲ့ ပိန္နဲတောရွာသား အသက် ၅၂ နှစ်အရွယ် စောလားထုရဲ့အလောင်းကို ပြန်လည်တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။

အလောင်းပြန်လည်တွေ့ရှိချိန်မှာ ရိုက်နက်ညဉ်းပန်း နှိပ်စက်ထားတဲ့ ဒဏ်ရာတွေနဲ့ သေဆုံးနေတာ ဖြစ်တယ်လို့ ပဒိုစောအေးနိုင်က ဆိုပါတယ်။

အဲဒီအမျိုးသားဟာ မေ ၃၀ ရက်နေ့က နေအိမ်ကနေ တောထဲမှာ အင်ဥတူးဖို့သွားစဉ် ပိန္နဲတောတပ်စခန်းကနေ ဝင်းတာပန်တပ်စခန်းကိုသွားတဲ့ အင်အား ၁၀၀ နီးပါးပါတဲ့ စစ်ကြောင်းနဲ့ တိုးခဲ့ပြီး ဖမ်း ဆီးခံလိုက်ရတာပါ။

အဲဒီနောက် စောလားထုဟာ နေအိမ်ကိုပြန်ရောက်မလာဘဲ ပျောက်ဆုံးနေခဲ့ရာမှ ထင်းခုတ်၊ မျှစ်နုတ်သွားသူတွေက တောထဲမှာ သေဆုံးနေတဲ့ သူ့အလောင်းကို ပြန်တွေ့ခဲ့ရတယ်လို့ သိရပါတယ်။

စောလားထုကို ဖမ်းဆီးသွားတဲ့ စစ်ကြောင်းဟာ မေလဒုတိယအပတ်လောက်ကတည်းက ပိန္နဲတောတပ်စခန်းကို ရောက်ရှိနေတာဖြစ်ပြီး ဝင်းတာပန်တပ်စခန်းကို အင်အားဖြည့်သွားရောက်တဲ့အဖွဲ့တွေ ဖြစ်တယ်လို့ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-Social Media

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.