မော်လမြိုင် ၊ ဇွန် ၅
နယ်မြေများစွာလက်လွှတ်ထားရတဲ့ စစ်ကောင်စီအနေနဲ့ ရွေးကောက်ပွဲမတိုင်ခင် လုံခြုံရေးအတွက် စစ်ရေးအရှိန် မြှင့်လာနိုင်သလို တော်လှန်ရေးအင်အားစုတွေကလည်း ထိုးစစ်ဆင်မှာဖြစ်လို့ တိုက်ပွဲတွေ ပြင်းထန်လာနိုင်တယ်လို့ စစ်ရေးအကဲခတ်တွေက ပြောပါတယ်။
ဒီနှစ်ကုန်ပိုင်းမှာ စစ်ကောင်စီက ရွေးကောက်ပွဲကျင်းပဖို့ ကြေညာထားပေမယ့် မြို့ပေါင်း ၉၀ ကျော်ကို လက်လွှတ်ထားရသလို စစ်ရေးပဋိပက္ခဖြစ်စဉ် မဖြစ်ပွားတဲ့ မြို့နယ်ဟာ သုံးပုံတစ်ပုံလောက်သာ ကျန်ရှိတော့တာပါ။
စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က တပ်အလိုက် တာဝန်ယူထားတဲ့ နယ်မြေအ တွင်း စစ်ဆင်ရေး၊လုံခြုံရေးနဲ့ နယ်မြေစိုးမိုးရေးလုပ်ငန်းတွေကို အောင်မြင်အောင် လုပ်ဖို့ ပြီးခဲ့တဲ့ မေ ၂၄ ရက်နေ့မှာ ညွန်ကြားခဲ့ပါတယ်။
CDM ဗိုလ်ကြီး ဇင်ယော်က မြစ်ဝကျွန်းပေါ်နဲ့ အညာဒေသတွေမှာ စစ်ကောင်စီရဲ့ ထိုးစစ်တွေ ရှိလာနိုင်တာကြောင့် တိုက်ပွဲပြင်းထန်လာမယ်လို့ သုံးသပ်ပါတယ်။
“ပုံမှန်အားဖြင့်ဆိုရင်တော့ မိုးကာလမှာ စစ်ဆင်ရေးတွေ ထိတွေ့တိုက်ပွဲတွေ ပြင်းထန်မှုနည်းလေ့ရှိတယ်။ ဒါပေမယ့် အညာ မကွေး မြစ်ဝကျွန်းပေါ်ဒေသတွေမှာ စစ်ကောင်စီရဲ့ ထိုးစစ်တွေ ပြင်းထန်လာမယ်လို့ ခန့်မှန်းရပါတယ်။ သူတို့ကိုယ်တိုင်ကလည်း စက်တင်ဘာလကနေစပြီးတော့ အညာမကွေး စစ်ကိုင်းတိုင်းနဲ့ ဧရာဝတီတိုင်းတွေကို လေကြောင်းရော မြေပြင်ထိုးစစ်ရော မြှင့်မယ်လို့ ကြား သိရပါတယ်။ အဲဒါကြောင့် အညာမြေလတ်နဲ့ မြစ်ဝကျွန်းပေါ်ဒေသ ပုသိမ် မုံရွာကားလမ်းကြီးကို ဝင်ရိုးအဖြစ်ထားပြီး ဟိုဘက်ခြမ်းနဲ့ ဒီဘက်ခြမ်းမှာ တိုက်ပွဲပြင်းထန်မှုတွေ ဖြစ်လာမယ်လို့ ယူဆရပါတယ် ခင်ဗျ” လို့ ဆိုပါတယ်။
လက်ရှိမှာလည်း ရွေးကောက်ပွဲအကြောင်းပြချက်နဲ့ ဒေသအလိုက် တည်ငြိမ်မှုရှိဖို့ လိုအပ်တဲ့အတွက် စစ်ကောင်စီက အပစ်ခတ်ရပ်စဲရေးကို ဇွန်လကုန်အထိ သက်တမ်းတိုးမြှင့်ထားတာပါ။ အလားတူ ညီနောင်မဟာမိတ်သုံးဖွဲ့ကလည်း တစ်ဘက်သတ် အပစ်ရပ်ကြေညာထားတာ ဖြစ်ပါတယ်။
ဒါပေမယ့် ရခိုင်ပြည်နယ်က စစ်ကောင်စီရဲ့ နယ်မြေစိုးမိုးမှုရှိနေတဲ့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု စီမံကိန်းတွေ အများအပြားရှိတဲ့ ကျောက်ဖြူမြို့နယ်မှာတော့ နှစ်ဘက်ထိတွေ့တိုက်ပွဲတွေ ဆက်လက်ဖြစ် ပွားနေပါတယ်။
တစ်ဘက်မှာ အမျိုးသားညီညွတ်ရေးအစိုးရ NUG ကလည်း စစ်အာဏာရှင်စနစ်ကို အမြစ်ဖြတ်ဖို့ အထွေထွေထိုးစစ်ဆင်နွှဲမယ်လို့ ထုတ်ပြောထားပြီး ချင်းအမျိုးသားတပ်ဦး CNF ကလည်း မိုးတွင်းမှာ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ စစ်ရေးအရှိန်မြှင့်ဖို့ အားလုံး ပူးပေါင်းတိုက်ပွဲဝင်ဖို့ တိုက်တွန်းထားတာပါ။
နိုင်ငံ့တောင်ပိုင်းရှိ ကရင်အမျိုးသားအစည်းအရုံး KNU ကတော့ မဟာမိတ်ပူးပေါင်းတပ်ဖွဲ့တွေနဲ့အတူ လက်ရှိမှာ ထိုင်း-မြန်မာ နယ်စပ်တစ်လျှောက်ရှိ စစ်တပ်စခန်းတွေကို တစ်ခုပြီးတစ်ခု ထိုးစစ်ဆင် သိမ်းပိုက်နေတာ ဖြစ်ပါတယ်။
မွန်ပြည်နယ်မှာတော့ နှစ်ဘက်ထိတွေ့တိုက်ပွဲတွေ ပြင်းထန်စွာ ဖြစ်ပွားခြင်းမရှိသေးပေမယ့် လော လောဆယ်မှာ စစ်ကောင်စီဘက်က လုံခြုံရေးအတွက် နယ်မြေစိုးမိုးမှုရအောင် ပြင်ဆင်လာနေပြီလို့ တော်လှန်ရေးအဖွဲ့တွေကနေ သိရပါတယ်။
မွန်ပြည်တော်လှန်ရေးတပ် MSRF ပြောခွင့်ရ နိုင်နဂါးက စစ်ရေးအရှိန်အဟုန်ဟာ မိုးဦးကျစမှာပဲ စစ်ကောင်စီက ရေးမြောက်ပိုင်းမှာ ထိုးစစ်ဆင်မှုတွေ စလုပ်နေပြီလို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။
“ကျွန်တော်တို့ မွန်ပြည်နယ်ဘက်မှာ မိုးရာသီဆိုလို့ရှိရင် အသွားအလာတွေ ခက်ခဲတာရှိတယ်။ ဒါပေမယ့် ဘယ်လိုပဲ အခက်အခဲတွေ ရှိပါစေ အဆင်ပြေရင် ပြေသလို ကျွန်တော်တို့ တပ်အနေနဲ့သော်လည်းကောင်း အခြားသောတပ်တွေနဲ့ ပူးပေါင်း၍သော်လည်းကောင်း ဆက်လက်ပြီးတော့ တိုက်ပွဲဝင်သွားဖို့ ရှိတယ်။ စစ်ရေးအရှိန်အဟုန်ကတော့ အခုမိုးဦးကျစမှာပဲ စစ်ကောင်စီက ရေးမြောက်ပိုင်းမှာ ထိုးစစ်ဆင်မှုတွေ စလုပ်နေပြီ။ ကျွန်တော့်အမြင်ကတော့ လာမယ့်နှစ်ကုန် ဒါမှမ ဟုတ် နောက်နှစ်ဦးပိုင်းလောက်မှာ ရွေးကောက်ပွဲကို မဖြစ်မနေ သူတို့လုပ်ဖို့ အစီအစဉ်ရှိတဲ့အတွက်ကြောင့် နယ်မြေထိန်းချုပ်ရေး စိုးမိုးရေးတွေကို သူတို့လုပ်နိုင်ဖို့ အခုလိုထိုးစစ်တွေ စတင်ပြီး အခြေ စိုက်စခန်းတွေလည်း လုံခြုံရေးအတွက် တည်ဆောက်လာမယ်လို့ ကျွန်တော်မြင်တယ်” လို့ဆိုပါတယ်။
အာဏာသိမ်းပြီးကတည်းက ရွေးကောက်ပွဲကျင်းပမယ်လို့ ကြွေးကြော်ထားတဲ့ စစ်ကောင်စီက အခုနှစ် ဒီဇင်ဘာ တတိယပတ်ကနေ နောက်နှစ် ဇန်နဝါရီ ဒုတိယပတ်အထိ ရွေးကောက်ပွဲတွေ ကျင်းပဖို့ လျာထားတာပါ။
နိုင်ငံအနှံ့ စစ်အာဏာရှင်စနစ်တော်လှန်ရေး တိုက်ပွဲတွေလည်း ဆက်ရှိနေတာကြောင့် လုံခြုံရေးအခြေအနေအရ နယ်မြေဒေသပေါ်မူတည်ပြီး စစ်ကောင်စီက ရွေးကောက်ပွဲတွေကို အပိုင်းလိုက်ကျင်းပမယ့် သဘောမျိုး ဖြစ်ပါတယ်။
လေ့လာသူတွေကတော့ စစ်ကောင်စီအနေနဲ့ နိုင်ငံရေးတရားဝင်မှုရဖို့ ဖိနှိပ်လို့ရနိုင်တဲ့ နယ်မြေတွေမှာ ရွေးကောက်ပွဲကို ဘယ်နည်းနဲ့မဆို ပြုလုပ်လာနိုင်တဲ့အတွက် လူ့အခွင့်အရေးချိုးဖောက်မှုတွေ များစွာရှိလာနိုင်တယ်လို့ ထောက်ပြထားကြပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-CINCDS