မော်လမြိုင် ၊ ဇွန် ၅
မွန်ပြည်နယ်အတွင်းက မြို့နယ်တွေမှာ စစ်ကောင်စီဌာနဆိုင်ရာ ပူးပေါင်း အဖွဲ့တွေက လိုင်စင်မဲ့ယာဉ်တွေကို ဖမ်းဆီးသိမ်းဆည်းတဲ့အပြင် လိုင်စင်မဲ့ယာဉ် စီးနင်းသူတွေကိုပါ ထောင်ဒဏ်ချမှတ်နေတယ်လို့ ရဲတပ်ဖွဲ့နဲ့ နီးစပ်သူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။
စစ်ကောင်စီဟာ လိုင်စင်မဲ့ယာဉ်တွေကိုဖမ်းဆီးရမိပါက လိုင်စင်မဲ့ကားနဲ့ဆိုင်ကယ်တွေကို သိမ်း ဆည်းပြီးနောက် လိုင်စင်မဲ့ယာဉ် စီးနင်းသူတွေကိုပါ တစ်ခါတည်း ဖမ်းဆီးကာ ပို့ကုန်၊ သွင်းကုန် ဥပဒေတွေနဲ့ ထောင်ဒဏ်ချမှတ်နေတာပါ။
အခုလိုပို့ကုန်၊ သွင်းကုန်ဥပဒေတွေနဲ့ လိုင်စင်မဲ့ယာဉ် စီးနင်းသူတွေကို ထောင်ဒဏ်ချမှတ်တဲ့ နေရာမှာလည်း အမြန်ဆုံးနေ့ချင်းပြီးပုံစံ အမိန့်ချမှတ်နေတာဖြစ်ပြီး အနိမ့်ဆုံး ထောင်ဒဏ်တစ်လ ချမှတ်တာရှိသလို အာမခံလည်း မပေးဘူးလို့ သိရပါတယ်။
စစ်ကောင်စီဟာ လိုင်စင်မဲ့ယာဉ်တွေကို နေ့ရောညပါ မြို့ဝင်၊ မြို့ထွက်တွေ၊ မော်တော်ယာဉ် သွား လာမှုများတဲ့နေရာတွေ၊ မထင်မှတ်တဲ့ နေရာတွေအပြင် နေအိမ်တွေအထိပါ လိုက်လံဖမ်းဆီးနေပြီး ဖမ်းဆီးရမိပါက နေအိမ်ပိုင်ရှင်တွေကိုပါ ဖမ်းဆီးခေါ်ဆောင်သွားတာတွေ ရှိနေပါတယ်။
အမည်မဖော်လိုတဲ့ မွန်ပြည်နယ် ဒေသခံတစ်ဦးက လိုင်စင်မဲ့ယာဉ်တွေကို ဖမ်းဆီးနေတာကြောင့် မြို့တွေမှာ အသွားအလာ ရှင်းလင်းနေသလို လူမှုစီးပွားဘဝတစ်ခုလုံးအပေါ် ထိခိုက်မှုတွေ ရှိနေတယ်လို့ ပြောပါတယ်။
“အကုန်လုံးမြို့ထဲမှာဆို ဒီနေ့ဆို ရှင်းနေတာပေါ့။ အဖမ်းအဆီးများတဲ့ နေ့ဆို နယ်ကကားတွေလည်း မတက်၊ နယ်ကကားတွေလည်း အကုန်လုံး လိုင်စင်မဲ့တွေကြီးပဲ။ နယ်ကကားတွေ မတက်တော့ ဒီမှာ အရောင်းအဝယ်တွေ မဖြစ်ဘူးပေါ့။ အများကြီး အခက်အခဲရှိတယ်။ ကျန်းမာရေးရော ဒီဘာ သာရေး အပိုင်းတွေရော နာရေးအပိုင်းတွေရော အကုန်လုံးက အခက်အခဲရှိတာပေါ့” လို့ ဆိုပါတယ်။
လိုင်စင်မဲ့ယာဉ်တွေကို စစ်ကောင်စီက အကြီးအကျယ် ဖမ်းဆီးနေတဲ့အတွက် ဖမ်းဆီးခံထိပါက မိမိပိုင်ဆိုင်တဲ့ မော်တော်ယာဉ် သိမ်းဆည်းခံရမယ့်အပြင် လူကိုပါ ထောင်ဒဏ်ချမှတ်နေတာကြောင့် နှစ်ခါ နစ်နာရမယ့် အခြေအနေတဲ့ ဒေသခံအများစု ကြုံတွေ့နေရတယ်လို့ သူက ဆက်ပြောပါတယ်။
လိုင်စင်မဲ့ယာဉ်တွေကို ဖမ်းဆီးပြီး ထောင်ဒဏ် ချမှတ်နေတာဟာ ပြီးခဲ့တဲ့ မေ ၂၀ ရက်နေ့က နေ ပြည်တော်မှာ ပြုလုပ်တဲ့ စစ်ကောင်စီအဖွဲ့ရဲ့ လုပ်ငန်း ညှိနှိုင်းအစည်းအဝေးမှာ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ ညွှန်ကြားချက်ကြောင့် ဖြစ်ပါတယ်။
ဒေသတွင်းမှာတော့ စစ်ကောင်စီက ဒေသခံတွေရဲ့ လိုင်စင်မဲ့ယာဉ်တွေကို အကြီးအကျယ် ဖမ်းဆီးနေပေမယ့် စစ်ကောင်စီ အသိုင်းအဝိုင်းကသူတွေ၊ စစ်တပ်နဲ့ နီးစပ်သူတွေ၊ ရဲတပ်ဖွဲ့ဝင်တွေအပြင် ဌာနဆိုင်ရာ ဝန်ထမ်းတွေ လိုင်စင်မဲ့ယာဉ် စီးနင်းနေပေမယ့် ဖမ်းဆီးမှုမရှိတဲ့အပေါ် ဒေသခံတွေအကြား ဝေဖန်မှုတွေ မြင့်တက်နေတာပါ။
မွန်ပြည်နယ်မှာတော့ လိုင်စင်မဲ့ယာဉ်တွေကို စီမံချက်နဲ့ ဖမ်းဆီးနေပြီး လက်ရှိအချိန်ထိ လိုင်စင်မဲ့ ကား၊ ဆိုင်ကယ်အပါအဝင် ဘေးတွဲ စုစုပေါင်း ရာနဲ့ချီ ဖမ်းဆီးထားကာ လိုင်စင်မဲ့ယာဉ် စီးနင်းသူတွေကိုတော့ ပို့ကုန်၊ သွင်းကုန် ဥပဒေတွေနဲ့ ဆက်လက် အရေးယူနေတယ်လို့ စစ်ကောင်စီနဲ့ နီးစပ်သူတွေထံကနေ သိရပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-CJ