ဝေါ်လေ၊ ဇွန် ၄

ကရင်ပြည်နယ် ဝေါ်လေဒေသထဲမှာရှိတဲ့ သေဘောဘိုးစခန်းသိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်က လေယာဉ်နဲ့ အပြင်းအထန် ဗုံးကြဲခုခံပစ်ခတ်နေပြီး တိုက်ပွဲကြောင့် ထိုင်းနိုင်ငံထဲကို ထွက်ပြေးရောက်ရှိလာတဲ့ ဒေသခံပြည်သူ ဦးရေ ၅၀၀ ကျော် ရှိလာပြီဖြစ်တယ်လို့ နယ်စပ်သတင်းရင်းမြစ်တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ဇွန် ၃ ရက် မနက်အစောပိုင်းကစပြီး မြဝတီမြို့တောင်ဘက် မြဝတီ-ဝေါ်လေ ကားလမ်းမပေါ် သေဘောဘိုးကျေးရွာအတွင်းမှာရှိတဲ့ စစ်ကောင်စီတပ်စခန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA တပ်မဟာ ၆ ဦးဆောင်တဲ့ တော်လှန်ရေးအင်အားစုတို့က ထိုးစစ်ဆင်တိုက်ခိုက်မှုတွေ ဆက်လက်လုပ်ဆောင်နေတာပါ။

စစ်ကောင်စီတပ်ရဲ့ သေဘောဘိုးစခန်းကို KNLA တပ်မဟာ ၆ တော်လှန်ရေးအင်အားစုအဖွဲ့တို့က ဒရုန်း၊ လက်နက်ကြီးတွေအပါအဝင် ထိုးစစ်ဆင်တိုက်ခိုက်နေတဲ့အတွက် ဇွန်လ ၃ ရက်နေ့ တစ်ရက်လုံး တိုက်ပွဲအပြင်းအထန်ဖြစ်ပွားခဲ့ပြီး စခန်းမကျဖို့အတွက် စစ်ကောင်စီတပ်က လေယာဉ်နဲ့ အ ပြင်းအထန် ဗုံးကြဲတိုက်ခိုက်နေတယ်လို့ နယ်စပ်သတင်းရင်းမြစ်တွေက ဆိုပါတယ်။

စစ်ကောင်စီတပ်ဘက်က လေယာဉ်နဲ့ အဆက်မပြတ် ဗုံးကြဲတိုက်ခိုက်နေတဲ့အတွက် ထိုင်းစစ်တပ်ဟာလည်း တိုက်လေယာဉ်တွေစေလွှတ်ပြီး ကင်းလှည့်စောင့်ကြည့်ပျံသန်းတာတွေ လုပ်ဆောင်နေသလို နယ်စပ်လုံခြုံရေးကို တင်းကြပ်ထားပြီး စောင့်ကြည့်လျက်ရှိနေတယ်လို့ ဆိုပါတယ်။

ထိုင်းနယ်စပ်အနီးက သေဘောဘိုးစခန်းသိမ်းတိုက်ပွဲကြောင့် သေဘောဘိုးကျေးရွာအပါအဝင် အ နီးအနားက ဒေသခံပြည်သူ ၅၀၀ ကျော်ဟာ ထိုင်းနိုင်ငံ တာ့ခရိုင် ဖုတ်ဖမြို့နယ်ထဲက နေရာ ၄ နေရာမှာ ရောက်ရှိခိုလှုံလာပြီး ထိုင်းအာဏာပိုင်တွေက လက်ခံစောင့်ရှောက်ပေးထားတယ်လို့ ထိုင်းသ တင်းတွေမှာ ဖော်ပြထားပါတယ်။

ဝေါ်လေဒေသထဲက သေဘောဘိုးစခန်းအပါအဝင် ဘလယ်ဒို၊ ကနဲလေး၊ မော်ခီး စတဲ့ ထိုင်းနယ်စပ်အနီးမှာရှိနေတဲ့ စစ်ကောင်စီတပ်စခန်းတွေကို ပြီးခဲ့တဲ့ မေ ၂၁ ရက်နေ့ကစပြီး KNLA တပ်မဟာ ၆ ဦးဆောင်တဲ့ တော်လှန်ရေးအင်အားစုတို့က တိုက်ခိုက်နေတာဖြစ်ပါတယ်။

လက်ရှိမှာ KNLA တပ်မဟာ ၆ ဦးဆောင်တဲ့ တော်လှန်ရေးအင်အားစုတို့က ဝေါ်လေဒေသထဲမှာရှိတဲ့ စစ်ကောင်စီတပ်ရဲ့ ဘလယ်ဒို၊ ကနဲလေး၊ မော်ခီး၊ ရွှေအေးမြိုင်၊ ဘုရင့်နောင်စခန်းတွေကို သိမ်းပိုက်ရရှိထားနေပြီး ကျန်ရှိနေတဲ့ စခန်းတွေကို ဆက်လက်ထိုးစစ်ဆင် တိုက်ခိုက်နေတာဖြစ်ပါတယ်။

KNLA တပ်မဟာ ၆ ပူးပေါင်းတပ်က ဘလယ်ဒိုစခန်းကို သိမ်းယူအပြီး သေဘောဘိုးစခန်းကို ဆက်တိုက်ရာမှာတော့ စစ်ကောင်စီတပ်က သေဘောဘိုးစခန်းမကျဖို့အတွက် ဝေါ်လေဗျူဟာကနေ မြေပြင်ကနေတစ်ဆင့် စစ်ကူပေးပို့ရာမှာ စစ်ကြောင်းတစ်ကြောင်းလုံး ချေမှုန်းခံခဲ့ရတာပါ။

စစ်ကောင်စီတပ်ရဲ့ ဝေါ်လေဗျူဟာအပါအဝင် ထီးကပလယ်၊ သေဘောဘိုး၊ ဥကရစ်ထစခန်းတွေ ကျန်ရှိနေသေးတာဖြစ်ပြီး အဲဒီစခန်းတွေဆီ မြေပြင်ကနေ စစ်ကူမပေးပို့နိုင်တော့တဲ့ စစ်ကောင်စီတပ်အတွက် လေကြောင်းကနေသာ အားထားအသုံးပြုနေရပြီး ဆက်လက်ခုခံတိုက်ခိုက်နေခဲ့ရတာ ဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.