မော်လမြိုင် ၊ ဇွန် ၄

ပြည်တွင်း မီးလင်းအခေါက် ရွှေဈေးဟာ ဇွန်လအစမှာပဲ တစ်ကျပ်သားကို ကျပ် ၇၈ သိန်းဝန်းကျင်အထိ စံချိန်တင်မြင့်တက်လာတယ်လို့ ရွှေလုပ်ငန်းရှင်တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ပြည်တွင်းရွှေဈေးဟာ ဇွန် ၃ ရက်နေ့မှာ တစ်ကျပ်သားလျှင် ကျပ် ၇၈ သိန်းဝန်းကျင်အထိ မြင့်တက်လာပြီး စစ်ကောင်စီ သတ်မှတ်ထားတဲ့ ရွှေရည်ညွှန်းဈေးနဲ့ နှိုင်းယှဉ်ရင် တစ်ကျပ်သားကို ကျပ် သိန်း ၂၀ ဝန်းကျင် ဈေးနှုန်းကွာဟနေတာပါ။

ပြည်တွင်းရွှေဈေးဟာ ကမ္ဘာ့ရွှေဈေးနှုန်း မြင့်တက်လာမှုနဲ့အတူ လုပ်ငန်းရှင်တချို့ ဈေးဆွဲတင်မှုကြောင့် ဆက်တိုက်မြင့်တက်လာတာ ဖြစ်တယ်လို့ ရွှေလုပ်ငန်းရှင် တစ်ဦးက ပြောပါတယ်။

“ရွှေဈေးတွေ ထပ်တက်လာတဲ့ အခြေအနေကတော့ နိုင်ငံရေးနဲ့ မဆိုင်ဘဲနဲ့ လုပ်ငန်းရှင်တချို့က ရွှေဈေးကျသွားမှာ အရမ်းကြောက်တယ်။ဘာဖြစ်လိုလဲဆိုတော့ တချို့ လုပ်ငန်းရှင်တွေက ပိုက်ဘောမိမှာကြောက်လို့ ဈေးဆွဲတင်တာလည်း အချက်တစ်ချက်ပါတယ်။ နောက်တစ်ချက်က ကမ္ဘာရွှေဈေးကြောင့်လည်းပါတယ်”လို့ ဆိုပါတယ်။

ကမ္ဘာ့ရွှေဈေးနှုန်းဟာ ပြီးခဲ့တဲ့ မေလ နောက်ဆုံးပတ်အတွင်း ရွှေတစ်အောင်စကို အမေရိကန် ဒေါ် လာ ၃၂၈၀ ဝန်းကျင်သာ ရှိရာမှ ဇွန် ၃ ရက်နေ့မှာ ဒေါ်လာ ၃၃၆၀ ဝန်းကျင်ထိ မြင့်တက်လာခဲ့တာ ဖြစ်ပါတယ်။

ရွေးကောက်ပွဲအပါအဝင် နိုင်ငံရေး အခြေအနေတွေကြောင့် ပြည်တွင်းရွှေဈေးနှုန်း အနိမ့်အမြင့် အတက်အကျ ကြမ်းနိုင်တဲ့ ကာလဖြစ်တဲ့အတွက် ပြည်သူတွေအနေနဲ့ မလိုအပ်ဘဲ ဝယ်ယူပါက ဆုံးရှုံးမှု ရှိလာနိုင်တယ်လို့ ရွှေလုပ်ငန်းရှင်တွေက သတိပေးထားပါတယ်။

ရွှေဈေးကွက်မှာတော့ ပြည်တွင်းရွှေဈေးနှုန်း ထပ်မံမြင့်တက်လာတဲ့အတွက် အရင်လိုဝယ်လိုအားထက် ရောင်းလိုအားများနေပြီး ရွှေဆိုင်တွေအနေနဲ့ အခေါက်ရွှေ တစ်ကျပ်သားကို ကျပ် ၅ သောင်း ဝန်းကျင် ဈေးခွာဝယ်ယူမှုရှိတယ်လို့ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.