အစ္စတန်ဘူလ်၊ ဇွန် ၃
ယူကရိန်းအနေနဲ့ နယ်မြေအသစ်တွေကို ပေးအပ်ပြီး စစ်တပ် အင်အား ကန့်သတ်မှုကို လက်ခံမယ်ဆိုမှ စစ်ပွဲ အဆုံးသတ်မှာ ဖြစ်ကြောင်း ရုရှားက ဇွန် ၂ ရက်မှာ ကျင်းပတဲ့ အစ္စတန်ဘူလ်မြို့ ငြိမ်းချမ်းရေး ဆွေးနွေးမှု အတွင်း တောင်းဆိုခဲ့ကြောင်း ရုရှားမီဒီယာတွေက ဖော်ပြပါတယ်။
ယူကရိန်းမှာ သွေးချောင်းစီးမှု အဆုံးသတ်ရေး အမေရိကန်က တောင်းဆိုထားပေမယ့် အစ္စတန်ဘူလ်မြို့ ငြိမ်းချမ်းရေး ဆွေးနွေးမှုအတွင်း ရုရှားရဲ့ တောင်းဆိုမှုတွေက စစ်ပွဲ အဆုံးသတ်ဖို့ မော်စကိုရဲ့ ငြင်းဆိုမှု တွေကို မီးမောင်းထိုးပြနေပါတယ်။

အညံ့ခံဖို့ ရုရှားရဲ့ တောင်းဆိုမှုတွေကို ယူကရိန်းက အကြိမ်ကြိမ် ပယ်ချထားတာကြောင့် ငြိမ်းချမ်းရေး ဆွေးနွေးမှုတွေဟာ ကောင်းမွန်တဲ့ ရလဒ် ထွက်ပေါ်လာဖို့ ဖြစ်လာနိုင်ခြေ နည်းနေပါတယ်။
၂၀၂၂ ခုနှစ် မတ်လနောက်ပိုင်း ယူကရိန်းနဲ့ ရုရှားကြား ဒုတိယအကြိမ် တွေ့ဆုံဆွေးနွေးမှုဟာ တစ်နာရီသာသာပဲ ကြာမြင့်ခဲ့ပါတယ်။
နှစ်ဖက်ကြား အပစ်ရပ်ရေး သဘောတူညီမှု မရခဲ့ပေမယ့် ကျဆုံးသွားတဲ့ စစ်သား ၁၂၀၀၀ ရဲ့ အလောင်းတွေနဲ့ စစ်အကျဉ်းသား လဲလှယ်ရေး ယူကရိန်းနဲ့ ရုရှားတို့ သဘောတူခဲ့ကြတာပါ။

စစ်အကျဉ်းသား လဲလှယ်ရာမှာ အသက်အငယ်ဆုံးနဲ့ ပြင်းပြင်းထန်ထန် ဒဏ်ရာရထားသူတွေကို ဦးစားပေး လဲလှယ်ဖို့ သဘောတူညီခဲ့ကြပါတယ်။
တူရကီသမ္မတ အာဒိုဂန်ကတော့ နှစ်ဖက် တွေ့ဆုံမှုအတွက် အားရ ကျေနပ်ကြောင်း ပြောကြားပြီး မကြာခင်မှာ ရုရှား၊ ယူကရိန်းနဲ့ အမေရိကန်ကြား ဆွေးနွေးမှုကို လက်ခံ ကျင်းပပေးနိုင်မယ်လို့ မျှော်လင့်ကြောင်း ပြောပါတယ်။
မော်စကိုက တိုက်ခိုက်မှုတွေ ရပ်တန့်ဖို့ အလိုမရှိဘဲ ရေရှည်ဖြေရှင်းချက် ရရှိရေး ကြိုးပမ်းသွားမယ်လို့ ပြောထားချိန်မှာ ယူကရိန်းက သမ္မတ ပူတင်အနေနဲ့ ငြိမ်းချမ်းရေး ရယူဖို့ စိတ်မဝင်စားဘူးလို့ ပြောပါတယ်။
ရုရှားက ယူကရိန်းနယ်မြေထဲကနေ ကလေးငယ်တွေကို သူတို့ နိုင်ငံထဲ ခေါ်ဆောင်သွားတာတွေ ရှိနေတာကြောင့် ယူကရိန်းက ပြန်ပို့ပေးဖို့ တောင်းဆိုခဲ့ပေမယ့် ရုရှားက ဆယ်ဦးလောက်ပဲ ပြန်လည် ပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။
Ref:Reuters