မော်လမြိုင် ၊ ဇွန် ၃
မွန်ပြည်လွတ်မြောက်ရေးတပ်တော် MLA မှာ ရဲဘော် ၅ ဦးဟာ တာဝန်ထမ်းဆောင်နေချိန်အတွင်း သက်ဆိုင်တဲ့ အထက်အရာရှိတွေကို သတင်းပေးပို့ခြင်းမရှိဘဲ တာဝန်ကျရာနေရာကနေ စွန့်ခွာထွက်ပြေးခဲ့တယ်လို့ ဇွန် ၃ ရက်နေ့မှာ သတင်းထုတ်ပြန်ပါတယ်။
ထွက်ပြေးသူတွေရဲ့ အမည်၊ ကိုယ်ပိုင်အမှတ်၊ အသက်နဲ့ တာဝန်တွေကို ဖော်ပြထားပြီး ရဲဘော်မျိုးဟိန်းခိုင် (ခ) ကျောင်းသား၊ ရဲဘော် ဆန်းနိုင်လင်း၊ ရဲဘော် သန့်ဇင်သူ၊ ရဲဘော် မောင်ပိုင်နဲ့ ရဲဘော် အောင်ဆန်းမိုး (ခ) ဗညား တို့ဖြစ်ပါတယ်။
သူတို့တတွေဟာ သတ်မှတ်ထားတဲ့ တပ်တွင်းစည်းကမ်းဥပဒေကို လိုက်နာခြင်းမရှိဘဲ သုံးဦးက ရှေ့တန်းမှာ တာဝန်ထမ်းဆောင်ရာကနေ ထွက်ပြေးသလို တစ်ဦးကလည်း နောက်တန်းစခန်းမှာ တာဝန်ချိန်အတွင်း ထွက်ပြေးတာပါ။ကျန်တစ်ဦးကတော့ တပ်တော်ပိုင် ဆိုင်ကယ်ကို ယူဆောင်ပြီး စခန်းစွန့်ခွာသွားတာလို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
တပ်ဖွဲ့ဝင်အားလုံးဟာ မိမိတာဝန်ကျရာနေရာကနေ အထက်အရာရှိထံ သတင်းပို့တင်ပြခြင်း၊ ခွင့်ပြု ချက်တောင်းခြင်းမရှိဘဲ စွန့်ခွာထွက်ပြေးတာဟာ စစ်ပြေးမှုမြောက်တဲ့အတွက် တပ်တွင်းဥပဒေအတိုင်း အရေးယူခံရမယ်လို့ MLA က ဆိုပါတယ်။
အခုလို စစ်ပြေးမှုထင်ရှားတဲ့ ရဲဘော် ၅ ဦး ပါဝင်ပတ်သက်တဲ့ ပဋိပက္ခတွေနဲ့ လူမှုရေးကိစ္စအဝဝ ဖြစ်ပွားလာရင် မွန်ပြည်လွတ်မြောက်ရေးတပ်တော် MLA က တာဝန်ယူဖြေရှင်းပေးမှာမဟုတ်ဘူးလို့ ပြည်သူနဲ့တကွ တော်လှန်ရေးအင်အားစုတွေကို အသိပေးထားတာပါ။
MLA ဟာ မွန် – ကရင် နယ်စပ်ဒေသတွေအပါအဝင် မွန်ဒေသတွင်းမှာလည်း အခြားသော မဟာ မိတ်တပ်ဖွဲ့တွေနဲ့ စစ်ရေးလှုပ်ရှားနေပြီး ဖွဲ့စည်းလိုက်တဲ့ ရာမညမွန်တပ်တော် RMA မှာ မွန်ပြည်သစ်ပါတီ AD ရဲ့ တပ်ဖွဲ့နဲ့အတူ ပူးပေါင်းထားတာ ဖြစ်ပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – MLA