မော်လမြိုင် ၊ ဇွန် ၄
ပြည်သူတွေအပေါ် ကျူးလွန်တဲ့ စစ်တပ်အဖွဲ့ဝင်တွေရဲ့ အကြမ်းဖက်စစ်ဆင်ရေးတွေနဲ့ ရာဇဝတ်မှုတွေအပေါ် နောက်ကွယ်က သွေးစွန်းလက်တွေကို နိုင်ငံတကာက အရေးယူပေးဖို့ တမာအင်စတီကျူက တိုက်တွန်းတောင်းဆိုလိုက်ပါတယ်။
သေနတ်များနောက်ကွယ်မှ သွေးစွန်းလက်များ မြန်မာစစ်တပ်ရဲ့ လက်နက်ထုတ်လုပ်သူတွေကို ဖော်ထုတ်ခြင်း အမည်နဲ့ တမာအင်စတီကျူက ပြီးခဲ့တဲ့ မေ ၃၁ ရက်နေ့မှာ အစီရင်ခံစာ ထုတ်ပြန်ခဲ့တာပါ။
မြန်မာစစ်တပ်ရဲ့ ပြည်တွင်းလက်နက် ထုတ်လုပ်ရေးကဏ္ဍကိုကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) ရဲ့ လက်အောက်ရှိ ကာကွယ်ရေးပစ္စည်းထုတ်လုပ်ရေးအရာရှိချုပ်ရုံး (ကကထုတ်) က ဦးဆောင်တာ ဖြစ်ပါတယ်။
စစ်တပ်အတွက် လိုအပ်တဲ့ စစ်လက်နက်ပစ္စည်း၊ခဲယမ်းမီးကျောက်တွေ၊ ဖျက်အားပြင်း ဝေဟင်ဗုံးတွေနဲ့ ဒုံးကျည်တွေအထိ ကကထုတ်လက်အောက်ခံ ကာကွယ်ရေးပစ္စည်း ထုတ်လုပ်ရေးစက်ရုံ (ကပစ) တွေမှာ ထုတ်လုပ်တာပါ။
ကာကွယ်ရေးပစ္စည်းထုတ်လုပ်ရေးအရာရှိချုပ်ရုံးရဲ့ အရာရှိချုပ် ဒုတိယ ဗိုလ်ချုပ်ကြီး ကံမြင့်သန်းအပါအဝင် ထိပ်ပိုင်းခေါင်းဆောင် သုံးဦးနဲ့ ကပစ စက်ရုံ ၂၅ ရုံက စက်ရုံမှူး ၂၅ ဦးရဲ့ အမည်စာရင်းတွေကို အစီရင်ခံစာမှာ ဖော်ပြပါတယ်။
အဲဒီ စက်ရုံမှူးတွေ စစ်အရာရှိတွေဟာ ၂၀၁၇ ခုနှစ်အတွင်း ရိုဟင်ဂျာတွေအပေါ် လူမျိုးတုန်းသတ် ဖြတ်မှုနဲ့ ၂၀၂၁ ခုနှစ် အာဏာသိမ်းမှုအလွန် ပြည်သူတွေအပေါ် လူမျိုးတုန်းသတ်ဖြတ်မှု၊ စစ်ရာဇ ဝတ်မှုတွေနဲ့ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ရာဇဝတ်မှုတွေမှာ နောက်ကွယ်ကနေ အားပေးကူညီနေတဲ့ သွေးစွန်းလက်ပိုင်ရှင်တွေလို့ ဆိုပါတယ်။
ဒါကြောင့် နိုင်ငံတကာအစိုးရအနေနဲ့ စစ်အုပ်စုရဲ့ ပြည်သူတွေကို အကြမ်းဖက်စစ်ဆင်ရေးအတွင်း အသုံးပြုတဲ့ စစ်လက်နက်တွေကို ထုတ်လုပ်ပေးနေတဲ့ အဓိက တာဝန်ရှိသူတွေအပေါ် ဒဏ်ခတ်ပိတ်ဆို့မှုတွေ ချမှတ်သင့်တယ်လို့ တိုက်တွန်းတာ ဖြစ်ပါတယ်။
မွန်ပြည်လူ့အခွင့်အရေးဖောင်ဒေးရှင်း ပရိုဂရမ် ဒါရိုက်တာ နိုင်အဲမွန်က ရာဇဝတ်ကောင်တွေကို ပြတ်ပြတ်သားသား အရေးယူနိုင်ရင် ဘယ်အာဏာရှင်ကမှ နောက်ထပ် ချိုးဖောက်မှုတွေ မလုပ်နိုင်ဖို့ အာမခံပေးရာရောက်တယ်လို့ သုံးသပ်ပါတယ်။
“ဒီလို ရာဇဝတ်ကောင်တွေကို ပြတ်ပြတ်သားသား အရေးယူလိုက်ခြင်းအားဖြင့် မြန်မာနိုင်ငံမှာ အလေ့အထတစ်ခုလို ဖြစ်နေတဲ့ အပြစ်ရှိလျက်နဲ့ အရေးမယူနိုင်တဲ့ အခြေအနေတွေကနေ ကင်း လွတ်ခွင့်ရနေတဲ့ အနေအထားကနေ ရုန်းထွက်နိုင်မှာဖြစ်တယ်။ နောင်ဒါမျိုး ဘယ်တော့မှ ဘယ်အာ ဏာရှင်ကမှ ချိုးဖောက်မှုတွေမလုပ်ဖို့ ထပ်မံမဖြစ်ပွားစေဖို့ အာမခံပေးရာရောက်မယ်လို့ ကျွန်တော် ယူဆပါတယ်။ ဒါကြောင့်မို့ အင်မတန်မှပဲ ထိရောက်တဲ့ အပြစ်ပေးအရေးယူမှု ဖြစ်ပါတယ်” လို့ ဆိုပါတယ်။
အစီရင်ခံစာအရ အာဏာသိမ်းမှုနောက်ပိုင်း ခုခံတော်လှန်မှုတွေနဲ့ ရင်ဆိုင်နေရတဲ့ စစ်အုပ်စုဟာ ကပစက စစ်သည်တွေကို ရှေ့တန်းစစ်ဆင်ရေး၊ နယ်မြေရှင်းလင်းရေး၊ လုံခြုံရေးအတွက် ခေါ်ယူအ သုံးပြုလာတယ်လို့ ဆိုပါတယ်။
တမာအင်စတီကျူရဲ့ မှတ်တမ်းတွေအရ ကပစစက်ရုံက တပ်ဖွဲ့ဝင်တွေဟာ အရပ်သားပြည်သူတွေကို ဥပဒေမဲ့ဖမ်းဆီးတာ၊ ညှဉ်းပန်းနှိပ်စက်တာ၊ သတ်ဖြတ်တာ၊ ကျေးရွာတွေကို စစ်ကြောင်းထိုး မီးရှို့တာနဲ့ လက်နက်ကြီးပစ်တာတွေ ကျူးလွန်ခဲ့တယ်လို့ ဖော်ပြပါတယ်။
ဒီအတွက် ကပစ စက်ရုံမှူးတွေဟာ စစ်အုပ်စုအတွက် စစ်လက်နက်ခဲယမ်းတွေ ထုတ်လုပ်ပေးတဲ့ အဓိက အားပေးကူညီသူတွေသာမက ပြည်သူတွေအပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေမှာ တိုက် ရိုက်တာဝန်ရှိသူတွေလို့ ဆိုပါတယ်။
စစ်လက်နက်ထုတ်လုပ်ရေးတပ်ဖွဲ့တွေဟာ စစ်အုပ်စုကျူးလွန်တဲ့ နိုင်ငံတကာရာဇဝတ်မှုတွေအ တွက် အဓိက ဒေါက်တိုင်တွေဖြစ်ပြီး စစ်အင်ဂျင်နီယာ အရာရှိတွေက အားပေးကူညီမှုဖြစ်စေ အမိန့်ပေးကွပ်ကဲမှုနဲ့ တိုက်ရိုက်ကျူးလွန်မှုဖြစ်စေ မဖြစ်မနေ တာဝန်ခံရမယ်လို့ တမာအင်စတီကျူက အကြုံပြထားတာပါ။
လူ့အခွင့်အရေးလှုပ်ရှားသူတွေကတော့ အရပ်သားတွေအပေါ် ချိုးဖောက်မှုယန္တရားမှာပါဝင်သူတိုင်းကို တရားစီရင်ခွင့်ရတဲ့အခြေအနေအောက်မှာ ပြည်တွင်းနဲ့ နိုင်ငံတကာတရားစီရင်မှုတွေကနေ ခုံရုံးတင်ပြီး ထိုက်သင့်တဲ့ အပြစ်ပေးအရေးယူမှုတွေ လုပ်ဆောင်ရလိမ့်မယ်လို့ ထောက်ပြပါတယ်။
“လတ်တလောကာလမှာ ကျွန်တော်တို့ ပြန်ကြည့်မယ်ဆိုရင် ပိတ်ဆို့အရေးယူမှုတွေ လုပ်နိုင်တယ်။ အမည်ပျက်စာရင်းတွေသွင်းပြီး သူတို့ကို ဒဏ်ခတ်ပိတ်ဆို့နိုင်မယ်။ တခြားတရားဝင်မှု မပေးတာတွေ လုပ်နိုင်တယ်။ ဒါပေမယ့် ဖက်ဒရယ်ဒီမိုကရေစီ အသွင်ကူးပြောင်းရေးကာလတစ်ခုခုကို ရောက်တဲ့အချိန် ဒါမှမဟုတ်လို့ရှိရင် ဖမ်းဝရမ်းထုတ်ထားပြီးတော့ အခါခွင့်သင့်လို့ လက်ငင်းကာလမှာ ဖမ်းဆီးမှုတွေ လုပ်နိုင်တယ်ဆိုရင် အရမ်းကိုကောင်းမယ့် အခြေအနေတစ်ရပ်ဖြစ်တယ်။နောက် ချက်ခြင်း ခုံရုံးတင်ရမယ်၊ ရာဇဝတ်မှုတွေကို သူတို့ကျူးလွန်ထားတဲ့အတွက် ပြတ်သားစွာ အရေး ယူ ဆောင်ရွက်ဖို့ သိပ်ကိုလိုအပ်ပါတယ်” လို့ နိုင်အဲမွန်က ပြောပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ NUG အနေနဲ့လည်း အစီရင်ခံစာမှာ ဖော်ထုတ်ထားတဲ့ ကကထုတ် ထိပ်ပိုင်းခေါင်းဆောင်တွေနဲ့ ကပစစက်ရုံမှူးတွေကို အမည်ပျက်စာရင်းသွင်း ကြေညာဖို့ကိုလည်း တမာအင်စတီကျူက တောင်းဆိုထားပါသေးတယ်။
ဒါ့အပြင် ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလမှာ မြန်မာစစ်တပ်ရဲ့ ကာကွယ်ရေးပစ္စည်းထုတ်လုပ်ရေးအရာရှိချုပ်ရုံးကို အမေရိကန်၊ယူကေနဲ့ ကနေဒါနိုင်ငံတို့က ဒဏ်ခတ်ပိတ်ဆို့မှုတွေ ချမှတ်ခဲ့တာရှိပါတယ်။
အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာနရဲ့ နိုင်ငံခြားပိုင်ဆိုင်မှုထိန်းချုပ်ရေးရုံး (OFAC) က ဒဏ်ခတ်ပိတ်ဆို့မှု ထုတ်ပြန်ချက်မှာတော့ ကကထုတ်က ထုတ်လုပ်တဲ့ လက်နက်တွေဟာ မြန်မာပြည်သူတွေအပေါ် စစ်တပ်ရဲ့ ရက်စက်တဲ့ အကြမ်းဖက်မှုတွေမှာ မလွဲမသွေ အသုံးပြုကြောင်း မှတ်ချက်ပြုထားပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-MOI