ကော့သောင်း၊ ဇွန် ၄

တနင်္သာရီတိုင်း ကော့သောင်းမြို့နယ် ခမောက်ကြီးမြို့နယ်ခွဲအခြေစိုက် ရှေ့တန်းအခြေကုတ်စခန်းက စစ်ကောင်စီတပ်သားနှစ်ဦး အလင်းဝင်လာခဲ့တယ်လို့ ကော့သောင်းမြို့နယ် ပြည်သူ့ကာကွယ် ရေးအဖွဲ့ထံက သိရပါတယ်။

ခမောက်ကြီးမြို့နယ် နန္မသွန် ရှေ့တန်းအခြေကုတ်စခန်း ခမရ ၃၄၂ က အသက် ၂၉ နှစ်အရွယ် တပ် သား ဇင်မင်းသူဟာ ပြီးခဲ့တဲ့ မေ ၃၀ ရက်နေ့မှာ ကော့သောင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ထံ အလင်းဝင်ခဲ့တာပါ။

အလားတူ မေ ၂၇ ရက်နေ့ကလည်း ခမရ ၃၄၂ တပ်စခန်းက အသက် ၂၉ နှစ်အရွယ် တပ်သား နေမျိုးထွန်းဟာလည်း ဆက်သွယ်အလင်းဝင်ခဲ့တယ်လို့ ကော့သောင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ ပြန်ကြားရေးတာဝန်ခံက သံလွင်တိုင်းမ်ကို ပြောပါတယ်။

သူတို့နှစ်ဦးဟာ ကျိုင်းတုံမြို့ အမှတ် ၃ တပ်မတော်တန်းမြင့် လေ့ကျင့်ရေးသင်တန်းကျောင်းမှာ စစ်မှုထမ်း အပတ်စဉ် ၈ သင်တန်းတက်ရောက်ပြီး နန္မသွန် ရှေ့တန်းအခြေကုတ်စခန်းမှာ တာဝန်ထမ်းဆောင်ခံရတာ ဖြစ်ပါတယ်။

လက်ရှိမှာတော့ သူတို့နှစ်ဦးဟာ လွတ်မြောက်နေရာတစ်ခုကို ရောက်ရှိနေပြီး ကောင်းမွန်စွာ စောင့် ရှောက်ထားတယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ဧပြီ ၂၀ ရက်နေ့ကလည်း ကော့သောင်းခရိုင် ဘုတ်ပြင်းမြို့နယ် စကခ ၁၃ က စစ်ကောင်စီတပ်သားသုံးဦး ကော့သောင်းခရိုင် အမှတ် ၁ တပ်ရင်းထံ အလင်းဝင်ခဲ့တယ်လို့ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-ကော့သောင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.