လောင်းလုံး၊ မေ ၃၁

တနင်္သာရီတိုင်း လောင်းလုံးမြို့ပေါ်နဲ့ လက်ခတ်တောင်ခြေအနီးမှာ နှစ်ဖက်တိုက်ပွဲ ဖြစ်ပွားနေတာကြောင့် ဒေသခံ ထောင်နဲ့ချီ နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ မြို့ခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

မေ ၃၀ ရက်နေ့ မနက် ၇ နာရီကျော်လောက်ကစပြီး လောင်းလုံးမြို့ပေါ် ရဲစခန်း၊ ထွေအုပ်၊ အထက ၁ ကျောင်းနားတဝိုက်နဲ့ လက်ခတ်တောင်ခြေအနီးမှာ နှစ်ဖက်တိုက်ပွဲ ဖြစ်ပွားနေတာပါ။

အဲဒီတိုက်ပွဲကြောင့် လောင်းလုံးမြို့ပေါ်ရပ်ကွက်တွေက ဒေသခံတွေအပြင် မြို့အနီး စပ်ပြဲ၊ သဗျာ၊ ညှင်းမော်ရွာတွေအပါအဝင် ကျေးရွာ ၅ ရွာက ဒေသခံ ၂၀၀၀ ကျော် စစ်ရှောင်နေရတာ ဖြစ်ပါတယ်။

နှစ်ဖက်တိုက်ပွဲအတွင်း လူနေရပ်ကွက်တွေထဲကို လက်နက်ကြီး ကျရောက်ပေါက်ကွဲတာတွေ ရှိနေပြီး ဒေသခံတွေနဲ့ နှစ်ဖက်ထိခိုက်သေဆုံးမှု အခြေအနေအသေးစိတ် မသိရသေးပါဘူး။

တိုက်ပွဲအခြေအနေနဲ့ ပတ်သက်ပြီး လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ထံ သံလွင်တိုင်းမ်က ဆက်သွယ်မေးမြန်းခဲ့ပေမယ့် အခြေအနေအသေးစိတ် ထုတ်ပြန်ပေးမယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ မေ ၂၁ ရက်နေ့ကလည်း လောင်းလုံးမြို့ပေါ်ရှိ စရဖရုံးကို တော်လှန်ရေးတပ်ဖွဲ့တွေ ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သားနှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.