ဘားအံ၊ မေ ၃၀

ကရင်ပြည်နယ် ဘားအံမြို့မှာ လိုင်စင်မဲ့ယာဉ်အားလုံးကို လာမယ့် ဇွန် ၁ ရက်နေ့မှာ ဖမ်းဆီးသိမ်းဆည်းသွားမယ်လို့ ကရင်ပြည်နယ်စစ်ကောင်စီအဖွဲ့က မေ ၂၈ ရက်နေ့မှာ လိုက်လံကြေညာအသိပေးနေတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ကရင်ပြည်နယ်စစ်ကောင်စီအဖွဲ့ဟာ ဘားအံမြို့ပေါ်မှာ သွားလာနေတဲ့ လိုင်စင်မဲ့ ကား၊ ဆိုင်ကယ်တွေကို ဖမ်းဆီးသိမ်းဆည်းသွားမှာဖြစ်ပြီး လမ်း၊ တံတား၊ ဂိတ်နဲ့ မြို့အဝင်အထွက်နေရာတွေမှာ စတင်စစ်ဆေးဆောင်ရွက်မှာ ဖြစ်တယ်လို့ ဆိုပါတယ်။

ဘားအံမြို့က ဒေသခံပြည်သူတွေဟာ လိုင်စင်မဲ့ ကား၊ ဆိုင်ကယ်တွေကိုသာ အဓိကအားထားအသုံးပြုနေရတာဖြစ်ပြီး အခုလို ကရင်ပြည်နယ်စစ်ကောင်စီအဖွဲ့က လိုင်စင်မဲ့ကား၊ ဆိုင်ကယ်တွေကို ဖမ်းဆီးသိမ်းဆည်းသွားမှာဖြစ်တဲ့အတွက် ပြည်သူတွေရဲ့ စီးပွားရေ၊ လူမှုရေး၊ ပညာရေး စတာတွေမှာ ပိုနစ်နာလာနိုင်တယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

“အခုမိုးတွင်းကြီးလည်း ဖြစ်တယ်။ ကလေးတွေလည်း ကျောင်းလည်းဖွင့်တော့မယ်ဆိုတော့ ကျောင်းကြိုကျောင်းပို့ အခက်အခဲဖြစ်မှာပေါ့” လို့ ဒေသခံတစ်ဦးက ဆိုပါတယ်။

ပြည်နယ်စစ်ကောင်စီရဲ့ လိုင်စင်မဲ့ယာဉ်တွေအပေါ် ဖမ်းဆီးသိမ်းဆည်းသွားမယ်ဆိုတဲ့ လုပ်ဆောင်ချက်ကြောင့် ဘားအံမြို့မှာ ကုန်ဈေးနှုန်းတွေ အရင်ကထက် ပိုမိုမြင့်မားလာမှာ သေချာတယ်လို့ နောက်ထပ်ဒေသခံတစ်ဦးကလည်း ပြောပါတယ်။

ကရင်ပြည်နယ်စစ်ကောင်စီရဲ့ လိုင်စင်မဲ့ယာဉ်တွေအပေါ် ဖမ်းဆီးသိမ်းဆည်းအရေးယူသွားမယ့် သတင်းတွေထွက်ပေါ်နေတာကြောင့် အခုရက်ပိုင်းထဲ ဘားအံမြို့ပေါ်မှာ လိုင်စင်မဲ့ယာဉ်တွေ သွားလာမှုနည်းလာနေပြီး မတွေ့ရသလောက် ဖြစ်နေပြီလို့လည်း ဒေသခံတစ်ဦးက ဆိုပါတယ်။

လိုင်စင်မဲ့ယာဉ်တွေအပေါ် ဖမ်းဆီးသိမ်းဆည်းသွားမယ်လို့ ပြောဆိုနေပေမယ့်လည်း တဖက်မှာတော့ ဒေသတွင်းမှာရှိတဲ့ ကရင်လက်နက်ကိုင်အဖွဲ့အစည်းတွေရဲ့ ကားတွေအပေါ်မှာတော့ ကရင်ပြည်နယ်စစ်ကောင်စီအနေနဲ့ ဖမ်းဆီးသိမ်းဆည်းအရေးယူသွားနိုင်သလားဆိုတဲ့ မေးခွန်းထုတ်တာတွေလည်း ရှိနေပါတယ်။

လိုင်စင်မဲ့ယာဉ်တွေအပေါ် ဖမ်းဆီးသိမ်းဆည်းသွားမယ့်အကြောင်း ကရင်နယ်ခြားစောင့်တပ် BGF ၊ ကရင်ငြိမ်းချမ်းရေးကောင်စီ PC ၊ ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော် DKBA စတဲ့ ကရင်လက်နက်ကိုင်တပ်ဖွဲ့ ဆက်ဆံရေးရုံးတွေဆီ ကရင်ပြည်နယ်စစ်ကောင်စီက ကြိုတင်စာပို့အသိပေးထားတယ်လို့လည်း လက်နက်ကိုင်အဖွဲ့နဲ့နီးစပ်တဲ့ သတင်းရင်းမြစ်တစ်ဦးက ဆိုပါတယ်။

ပြည်နယ်စစ်ကောင်စီရဲ့ လိုင်စင်မဲ့ယာဉ်ဖမ်းဆီးသွားမယ့်အပေါ် BGF PC DKBA စတဲ့ လက်နက်ကိုင်အဖွဲ့အစည်းတွေကလည်း သူတို့ရဲ့ တပ်ဖွဲ့ဝင်တွေထံ စာထုတ်အသိပေးထားတယ်လို့လည်း အဲဒီသတင်းရင်းမြစ်က ဆိုထားပါတယ်။

ဘားအံမြို့မှာ လိုင်စင်မဲ့ယာဉ်တွေကို ဖမ်းဆီးသိမ်းဆည်းတဲ့နေ့မှာ ကရင်ပြည်နယ် စစ်ကောင်စီအဖွဲ့နဲ့အတူ လက်နက်ကိုင်အဖွဲ့အစည်းတွေလည်း အဖွဲ့စုံအနေနဲ့ ပါဝင်လာနိုင်ပြီး လက်နက်ကိုင်အဖွဲ့အစည်း စီလားတဲ့ ကားတွေကိုတော့ ပြည်နယ်စစ်ကောင်စီအနေနဲ့ ဖမ်းဆီးမှာမဟုတ်ဘူးလို့လည်း ပြောဆိုတာတွေရှိနေပါတယ်။

ကရင်ပြည်နယ် ဘားအံမြို့မှာတော့ ဒေသခံတွေပြည်သူတွေဟာ စီးပွားရေးအတွက် ကုန်ကူးသန်းရောင်းဝယ်ပို့ဆောင်မှု၊ ခရီးသွားလာရေး၊ ပညာရေး၊ ဘာသာရေး၊ လူမှုကူညီကယ်ဆယ်ရေး စတဲ့ ရေးရာတွေမှာ လိုင်စင်မဲ့ယာဉ်တွေကို အဓိကထားအသုံးပြုနေရသလို စစ်တပ်၊ရဲ၊ စစ်ကောင်စီဝန်ထမ်းတွေနဲ့ လက်နက်ကိုင်အဖွဲ့အစည်းတွေကလည်း လိုင်စင်မဲ့ယာဉ်တွေကို အဓိကထား အသုံးပြုနေပါတယ်။

သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.