ဒါကာ၊ မေ ၃၀

ရခိုင်ပြည်နယ်ရဲ့ ဒေသအများစုကို ထိန်းချုပ်ထားတဲ့ အာရက္ခတပ်တော် AA နဲ့ ဆက်ဆံရေးလမ်းကြောင်း ဖွင့်လှစ်ထားကြောင်း အသိပေးပြောကြားခဲ့ပြီးနောက် မြန်မာနိုင်ငံဆိုင်ရာ သံအမတ်နဲ့ စစ်သံမှူးတို့ကို ဒါကာသို့ ပြန်လည် ခေါ်ယူလိုက်ကြောင်း ဘင်္ဂလားဒေ့ချ် နိုင်ငံခြားရေး ဝန်ကြီးဌာန အရာရှိ တစ်ဦးက မေ ၂၉ ရက်မှာ ပြောကြားလိုက်ပါတယ်။

၂၀၂၃ ခုနှစ် သြဂုတ်လကတည်းက နေပြည်တော်မှာ တာဝန်ထမ်းဆောင်နေတဲ့ သံအမတ်ကြီး မိုနိုဝါ ဟိုစိန်နဲ့ စစ်သံမှူး ဗိုလ်မှူးချုပ် အက်ဖတက် ဟိုစိန်တို့ကို ဒါကာသို့ ချက်ချင်း ပြန်လာရေး ညွှန်ကြားထားကြောင်းနဲ့ ဒါဟာ အစိုးရရဲ့ ဆုံးဖြတ်ချက် ဖြစ်ကြောင်း နိုင်ငံခြားရေး ဝန်ကြီးဌာန အရာရှိက ပြောကြားပြီး အကြောင်းရင်း အသေးစိတ်ကို ပြောဆိုဖို့ ငြင်းဆိုသွားပါတယ်။

AA နဲ့ ဘင်္ဂလားဒေ့ချ်အစိုးရတို့ကြား ဆက်သွယ်ရေးလမ်းကြောင်း ဖွင့်လှစ်မှုကို စစ်ကောင်စီက ကန့်ကွက်ခဲ့ပြီးနောက် ဘင်္ဂလားဒေ့ချ်က အခုလို ဆုံးဖြတ်ခဲ့တာဖြစ်တယ်လို့ သံတမန်သတင်းရင်းမြစ်တွေကို ကိုးကားပြီး ဘင်္ဂလားဒေ့ချ်သတင်းဌာနတွေက ဖော်ပြပါတယ်။

ရခိုင်ပြည်နယ်သို့ ကုလသမဂ္ဂ ဦးဆောင်မှုနဲ့ လူသားချင်း စာနာထောက်ထားရေး စင်္ကြံ တစ်ခု ဖွင့်လှစ်ရေး ဘင်္ဂလားဒေ့ချ် တာဝန်ရှိသူတွေကြား အချေအတင် ဆွေးနွေးနေချိန်မှာ အခုလို ဆုံးဖြတ်ချက် ထွက်ပေါ်လာတာ ဖြစ်ပါတယ်။

ဒီစင်္ကြံ ဖွင့်လှစ်ရေးနဲ့ ပတ်သက်လို့ ဘင်္ဂလားဒေ့ချ် ယာယီ အစိုးရ၊ စစ်တပ်နဲ့ အဓိက နိုင်ငံရေးပါတီတွေကြား ငြင်းခုံ ဆွေးနွေးနေကြပါတယ်။

အဲဒီ အစီအစဉ်ကို ဘင်္ဂလားဒေ့ချ်စစ်တပ်က ပယ်ချထားပြီး စစ်ဦးစီးချုပ်က သွေးစွန်းတဲ့ စင်္ကြံလမ်း လို့ သမုတ်ထားပါတယ်။

နှစ်နိုင်ငံ နယ်စပ်ဒေသတွေကို အပြည့်အဝ ထိန်းချုပ်ထားတဲ့ AA နဲ့ မိမိတို့ကြား ဆက်ဆံဖို့ လိုအပ်လာပြီ ဖြစ်ကြောင်း ဘင်္ဂလားဒေ့ချ် အရာရှိတွေက စောစောပိုင်းက ပြောကြားခဲ့တာပါ။

အခုလို ဘင်္ဂလားဒေ့ချ်က မြန်မာနိုင်ငံဆိုင်ရာ သံအမတ်နဲ့ စစ်သံမှူးတို့ကို ပြန်လည်း ခေါ်ယူခဲ့ပြီးနောက် စစ်ကောင်စီက ဘယ်လို လုပ်ဆောင်လာမလဲ ဆိုတာကို အသိပေးထားတာ မရှိသေးပါဘူး။

Ref:Reuters

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.