မော်လမြိုင် ၊ မေ ၃၁
မွန်ပြည်နယ် မော်လမြိုင်မြို့မှာ အခုလအတွင်း အကြောင်းအမျိုးမျိုးကြောင့် အမျိုးသားရော၊ အ မျိုးသမီးအပြင် ကလေးငယ်တွေပါ ပျောက်ဆုံးမှုတွေ များလာတယ်လို့ မြို့ခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။
ပျောက်ဆုံးသူတွေဟာ ပြန်ပေးဆွဲခံရတဲ့ပုံစံ ပျောက်ဆုံးတာ၊လမ်းသွားရင်း ပျောက်ဆုံးတာ၊ သူစိမ်းတွေ ခေါ်ဆောင်သွားပြီး ပျောက်ဆုံးသွားတာ၊ အိမ်က လူကြီးမိဘတွေနဲ့စိတ်ဆိုးပြီး ပျောက်ဆုံးသူတွေလည်း ရှိလာခဲ့တာပါ။
ဒေသတွင်း ပျောက်ဆုံးသူတချို့ကိုတော့ ကိုယ့်နည်းကိုယ့်ဟန်နဲ့ ပြန်လည်တွေ့ရှိတာ ရှိသလို တချို့ဖြစ်စဉ်တွေမှာ သတင်းအစအန လုံးဝပျောက်ဆုံးသွားတာအပြင် သေဆုံးလျက် ပြန်လည်တွေ့ရှိတွေလည်း ရှိနေပါတယ်။
မော်လမြိုင်မြို့ခံတစ်ဦးက အခုနောက်ပိုင်း လူပျောက်မှုတွေ ဆက်တိုက်ဆိုသလို ဖြစ်ပေါ် နေပြီး မှုခင်းပိုင်းဆိုင်ရာ အခြေအနေတွေနဲ့ ပျောက်ဆုံးတာတွေလည်း ရှိလာတယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။
“ဒီလူပျောက်မှုလေးတွေဆိုရင်တော့ အခုဒီတစ်လောအတွင်းမှာ ဆက်တိုက်ကြီးကို ဖြစ်နေတာပေါ့။ တချို့ ကျတော့လည်း စွန့်စားချင်တဲ့ စိတ်ပေါ့နော်။ အလုပ်ထွက်လုပ်ကြမယ် ဘာမယ် အဲဒီ ရည် ရွယ်ချက်နဲ့ ထွက်လာပြီးမှ လမ်းမှာ ပျောက်သွားတာတို့ တက္ကစီမောင်းသမား တစ်ယောက် ကားရော လူရော အခုချိန်ထိ အဆက်အသွယ်လည်းမရ ပြန်လည်းမတွေ့ဘူးပေါ့နော်” လို့ ဆိုပါတယ်။
ပျောက်ဆုံးသူအများစုဟာ လူငယ်အရွယ် အမျိုးသမီးအများဆုံး ဖြစ်နေတာတွေ့ရပြီး တချို့ တစ်ဦးချင်း ပျောက်ဆုံးတာရှိသလို တချို့ တွေကတော့ အုပ်စုလိုက် ပျောက်ဆုံးမှုရှိလာတာကို တွေ့ရတယ်လို့ သူက ဆက်ပြောပါတယ်။
မိသားစုဝင်တစ်ဦး ပျောက်ဆုံးသွားတဲ့ ကာယကံရှင်တစ်ဦးကတော့ လူပျောက်ဆုံးတာနဲ့ပတ်သက်ပြီး ရဲစခန်းနဲ့ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးတွေမှာ တိုင်ကြားပေမယ့် ရှာဖွေပေးတာမရှိသလို အဆက် အသွယ်မရတဲ့အတွက် စိုးရိမ်မှုရှိနေရတယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။
“လူပျောက်တော့ စခန်းတို့ရုံးတို့ ဒီလိုမျိုး အသိပေးထားတယ်ပေါ့နော်။ ရှာဖွေပေးတာမျိုးတော့ မရှိသေးဘူးလေ။ အဆက်အသွယ်တော့ မရသေးဘူးပေါ့။ လူက အဆက်အသွယ်မရတော့ စိုးရိမ်တာပေါ့။ ဘယ်လိုလုပ်လို့ လုပ်ရမှန်းလည်း မသိဘူးပေါ့” လို့ ဆိုပါတယ်။
ဒေသတွင်းမှာတော့ လူပျောက်ဆုံးမှု ဖြစ်ပေါ်လို့ စစ်ကောင်စီ လက်အောက်ခံ ရဲတပ်ဖွဲ့ဝင်တွေကို တိုင်ကြားပါက လူပျောက်မှတ်တမ်းသာ ယူထားပြီး လုံခြုံရေး အကြောင်းပြချက်နဲ့ လက်တွေ့ကူညီ ရှာဖွေပေးတာ မရှိဘူးလို့ သိရပါတယ်။
မြို့အတွင်းမှာ စစ်ကောင်စီက နေရာအနှံ့ CCTV တွေ တပ်ဆင်ထားပေမယ့် လူပျောက်ဆုံးမှု ဖြစ်ပေါ်ပါက ဒေသတွင်းက ပြည်သူတွေဟာ ကိုယ့်နည်း ကိုယ့်ဟန်နဲ့သာ ရှာဖွေနေရတဲ့အတွက် အခက်ကြုံ နေရတယ်လို့ ဒေသခံတွေက ဆိုကြပါတယ်။
မော်လမြိုင်မြို့ မှာ အခုလအတွင်း လူပျောက်ဆုံးမှု ငါးမှုထက်မနည်း ရှိနေပြီး အဲဒီထဲမှာ အခုရက် ပိုင်းအတွင်း အသက် ၁၃ နှစ်အရွယ် မိန်းကလေးငယ် တစ်ဦး ပျောက်ဆုံးခဲ့ပြီးနောက် သေဆုံးလျက် ပြန်လည်တွေ့ရှိခဲ့တယ်လို့ သိရပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-Screen Grab