ဘဲလ်ဂရိတ်၊ မေ ၃၀
မိမိတို့ရဲ့ ကာလရှည် မဟာမိတ် ဆားဘီးယားက ယူကရိန်းသို့ လက်နက်တွေ တင်ပို့ပြီး မိမိတို့ နောက်ကျောကို ဓားနဲ့ထိုးနေတယ်လို့ ရုရှားက မေ ၂၉ ရက်မှာ စွပ်စွဲလိုက်ပါတယ်။
ဘဲလ်ဂရိတ် အရာရှိတွေက ကြားနေတယ်လို့ ကြေညာထားပေမယ့် ပြောင်းပြန်အနေနဲ့ ဆားဘီးယား ကာကွယ်ရေးလုပ်ငန်းတွေက ယူကရိန်းသို့ ခဲယမ်းမီးကျောက်တွေ ဆက်လက် ပေးပို့နေတယ်လို့ ရုရှား နိုင်ငံခြား ထောက်လှမ်းရေးဌာန SVR က ကြေညာချက် တစ်ရပ်မှာ ဖော်ပြထားပါတယ်။

ဆားဘီးယားက လက်နက်တွေကို အထူးသဖြင့် ချက်ပြည်ထောင်စု၊ ပိုလန်နဲ့ ဘူဂေးရီးယား စတဲ့ နေတိုးအဖွဲ့ဝင် ကြားခံနိုင်ငံတွေက တစ်ဆင့် ယူကရိန်းသို့ ပေးပို့နေတာ ဖြစ်တယ်လို့ အဲဒီ ကြေညာချက်မှာ ဖော်ပြပါတယ်။
ဒီရည်ရွယ်ချက်အတွက် ဆားဘီးယားဟာ မကြာသေးခင်က အာဖရိက နိုင်ငံတွေကို အသုံးချခဲ့တယ်လို့လည်း ရုရှား နိုင်ငံခြားထောက်လှမ်းရေး ဌာနက စွပ်စွဲထားပါတယ်။
ယူကရိန်းသို့ လက်နက်တွေ တင်ပို့နေတယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ ပတ်သက်လို့ မကြာသေးခင်က ရုရှားသမ္မတ ဗလာဒီမာ ပူတင်နဲ့ ဆွေးနွေးခဲ့ပြီး ယူကရိန်း ရှေ့တန်းသို့ ဆားဘီးယား လက်နက်တွေ ဘယ်ပုံဘယ်နည်း ရောက်ရှိနေသလဲဆိုတာ နှစ်နိုင်ငံ ပူးပေါင်းစုံစမ်းရေးအဖွဲ့ဖွဲ့စည်းဖို့ သဘောတူညီခဲ့ကြတယ်လို့ ဆားဘီးယား လူပြိန်းကြိုက် သမ္မတ အလက်ဇန်းဒါး ဗူဗစ်က နိုင်ငံပိုင် RTS သတင်းဌာနသို့ ပြောကြားခဲ့ပါတယ်။

ဆားဘီးယားက ဆိုဗီယက်ခေတ် လက်နက်ခဲယမ်းတွေကို ယူကရိန်းဆီ တင်ပို့နေမှုကို ၂၀၂၃ ခုနှစ်မှာကတည်းက အားလုံး သိထားပြီး ဖြစ်ပေမယ့် SVR က ဘာကြောင့် အခုမှ အပြစ်တင်ရသလဲ ဆိုတာကိုတော့ ရှင်းရှင်းလင်းလင်း မသိရပါဘူး။
ယူကရိန်းသို့ ထောင်နဲ့ချီတဲ့ ဒုံးကျည်တွေ ပေးပို့ထားသလား သိလိုကြောင်း မော်စကိုက မတ်လက တောင်းဆိုခဲ့ပြီးနောက် ယူကရိန်းသို့ လက်နက်တင်ပို့မှု မရှိဘူးလို့ ဆားဘီးယားက ငြင်းဆိုခဲ့ပါတယ်။
အဲဒီ လက်နက်တွေဟာ ရုရှားစစ်သားတွေကို သတ်ဖြတ်ဖို့ ကိုယ်လက် အင်္ဂါ ပျက်စီးစေဖို့ ရည်ရွယ်တာ ဖြစ်တဲ့အတွက် ဆားဘီးယားက မိမိတို့ကို နောက်ကျော ဓားနဲ့ထိုးနေတာ ဖြစ်တယ်လို့ ရုရှားထောက်လှမ်းရေးက ပြောပါတယ်။
သမ္မတ ဗူဗစ်က ဆားဘီးယားအနေနဲ့ ဥရောပသမဂ္ဂသို့ ဝင်ရောက်လိုတယ်လို့ ပြောထားပေမယ့် ရုရှားနဲ့ဆက်ဆံရေးကို ထိန်းသိမ်းထားပြီး မကြာသေးခင်က မော်စကိုမှာ ကျင်းပခဲ့တဲ့ ဒုတိယကမ္ဘာစစ်အတွင်း နာဇီ ဂျာမနီအပေါ် အောင်ပွဲရ အခမ်းအနားသို့ တက်ရောက်ခဲ့ပါတယ်။
Ref:AP