မြဝတီ၊ မေ ၃၁
ကရင်ပြည်နယ် မြဝတီခရိုင် ဝေါ်လေဒေသထဲမှာရှိတဲ့ စစ်ကောင်စီတပ်စခန်းတွေကို KNLA KNDO PDF ပူးပေါင်းအဖွဲ့က ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ နှစ်ရက်အတွင်း စစ်ကောင်စီတပ်စခန်း သုံးခုကို ပူးပေါင်းအဖွဲ့က သိမ်းယူနိုင်ခဲ့တယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။
ထိုင်းနယ်စပ်အနီး ဝေါ်လေဒေသထဲမှာရှိတဲ့ စစ်ကောင်စီတပ်ရဲ့ ဘုရင့်နောင်စခန်းကို မေ ၃၀ ရက်နေ့ မနက် ၄ နာရီအချိန်ခန့်မှာ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA တပ်မဟာ ၆ ဦး ဆောင်တဲ့ တော်လှန်ရေးပူးပေါင်းတပ်တို့က သိမ်းယူနိုင်ခဲ့တယ်လို့ နယ်စပ်သတင်းရင်းမြစ်တွေက ဆိုပါတယ်။
ဘုရင့်နောင်စခန်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်သားတွေ ထွက်ပြေးသွားခဲ့ပြီး တိုက်ပွဲကြောင့် ဒေသနေပြည်သူ ၅၀၀ ကျော် ထိုင်းနိုင်ငံထဲကို ထွက်ပြေးရောက်ရှိလာတဲ့အတွက် ထိုင်းစစ်တပ်တာဝန်ရှိသူတွေက နေရာချထားပေးပြီး လူသားချင်းစာနာမှုအကူအညီတွေ ပေးထားတယ်လို့ အဲဒီသတင်းရင်းမြစ်က ဆိုပါတယ်။
မေ ၃၀ ရက်နေ့ မနက် ၁၀ နာရီအချိန်ခန့်မှာလည်း ဝေါ်လေဒေသ ထိုင်းနယ်စပ်အနီးက စစ်ကောင်စီတပ်ရဲ့ မော်ခီးစခန်းကို KNLA တပ်မဟာ ၆ ဦးဆောင်တဲ့ တော်လှန်ရေးပူးပေါင်းတပ်တို့က သိမ်း ပိုက်နိုင်ခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့တွေဟာ ထွက်ပြေးသွားတယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။
ဒါ့အပြင် မေ ၂၉ ရက်နေ့မှာ ဝေါ်လေ-မြဝတီ ကားလမ်းပေါ်က စစ်ကောင်စီတပ်ရဲ့ ဥကရစ်ထစခန်းအနီးဆုံးမှာရှိတဲ့ ရွှေအေးမြိုင်စခန်းကို KNLA တပ်မဟာ ၆ ဦးဆောင်တဲ့ တော်လှန်ရေးပူးပေါင်းတပ်တို့က သိမ်းပိုက်နိုင်ခဲ့ပြီး စစ်ကောင်စီတပ်သားတွေ ထွက်ပြေးသွားခဲ့တာ ဖြစ်ပါတယ်။
KNLA တပ်မဟာ ၆ တော်လှန်ရေးပူးပေါင်းတပ်က သိမ်းပိုက်လိုက်တဲ့ ရွှေအေးမြိုင်ကာကင်းစခန်းဟာ DKBA ဗဟိုစစ်ဌာနချုပ်ဖြစ်တဲ့ ဆုံဆည်းမြိုင်ကျေးရွာနဲ့ ဥကရစ်ထကျေးရွာမှာ တည်ရှိတာဖြစ်ပြီး ဥကရစ်ထစခန်းကြီးရဲ့ ကာကင်းစခန်းတစ်ခုလည်း ဖြစ်တာပါ။
KNLA တပ်မဟာ ၆ တော်လှန်ရေးပူးပေါင်းတပ်တွေဟာ ဘလယ်ဒိုစခန်းနဲ့ ကနဲလေးစခန်းကို သိမ်း ပိုက်ထားသလို ကျန်ရှိနေသေးတဲ့ သေဘောဘိုးစခန်းအပါအဝင် ဥကရစ်ထ၊ ထီးကပလယ်၊ ဝေါ်လေဗျူဟာစခန်းတို့ကို ပိတ်ဆို့တိုက်ခိုက်တာတွေ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။
ဝေါ်လေဒေသထဲမှာ ဖြစ်ပွားခဲ့တဲ့တိုက်ပွဲတွေအတွင်း စခန်းဆုံးရှုံးခဲ့ရပြီး အထိနာနေတဲ့ စစ်ကောင်စီတပ်ဟာ ကျေးရွာတွေထဲ လေယာဉ်ဗုံးကြဲတိုက်ခိုက်တာတွေ လုပ်ဆောင်နေခဲ့ရာ ပြည်သူအချို့ ထိ ခိုက်ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-KNU