ဘန်ကောက်၊ မေ ၃၀
နယ်စပ်မှာ အပြန်အလှန် ပစ်ခတ်မှုအတွင်း ကမ္ဘောဒီးယား စစ်သား တစ်ဦး သေဆုံးခဲ့ပြီးနောက် ကမ္ဘောဒီးယားနဲ့ နယ်စပ်တင်းမာမှု ပြေလည်အောင် ဆောင်ရွက်ဖို့ သဘောတူထားကြောင်း ထိုင်းစစ်တပ်က မေ ၂၉ ရက်မှာ ပြောကြားလိုက်ပါတယ်။
အရှေ့တောင်အာရှ အိမ်နီးချင်း နှစ်နိုင်ငံကြား ၂၀၀၈ ခုနှစ်က စစ်ရေး ပဋိပက္ခတွေ ဖြစ်ပွားခဲ့ပြီး နှစ်များစွာကြာ ပြတ်တောင်းပြတ်တောင်း တိုက်ခိုက်မှုတွေ ဖြစ်ပွားခဲ့တာကြောင့် လူ ၂၈ ဦးထက်မနည်း သေဆုံးခဲ့ပါတယ်။

ထိုင်းတပ်ချုပ် ဗိုလ်ချုပ် ပါနာ ကလေပလိုသော့က ကမ္ဘောဒီးယားတပ်ချုပ်နဲ့ တွေ့ဆုံခဲ့ပြီး အဲဒီဒေသကနေ ဝေးရာဆီ နှစ်နိုင်ငံတပ်ဖွဲ့ဝင်တွေ ဆုတ်ခွာဖို့ သဘောတူညီခဲ့ကြကြောင်း ထိုင်းစစ်တပ် ပြောခွင့်ရသူ ဝင်သိုင်း ဆူဗာရီက ပြောပါတယ်။
နယ်စပ် ပဋိပက္ခ ပြဿနာကို ဖြေရှင်းရေး နှစ်နိုင်ငံ နယ်စပ်ရေးရာကော်မတီအနေနဲ့ သီတင်းနှစ်ပတ်အတွင်း တွေ့ဆုံသွားမှာ ဖြစ်တယ်လို့ သူက ပြောပါတယ်။
မေ ၂၈ ရက်က နယ်စပ်မှာ ထိုင်းစစ်တပ်နဲ့ ဖြစ်ပွားခဲ့တဲ့ အပြန်အလှန် ပစ်ခတ်မှုအတွင်း ကမ္ဘောဒီးယားစစ်သား တစ်ဦး သေဆုံးခဲ့တယ်လို့ ကမ္ဘောဒီးယားစစ်တပ် ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။
အတိမ်းအစောင်း မခံတဲ့ နယ်စပ်မှာ ရှားရှားပါးပါး သေဆုံးမှု ဖြစ်တဲ့ အဲဒီ စစ်သား သေဆုံးမှုဟာ ထိုင်းနဲ့ ကမ္ဘောဒီးယား ခေါင်းဆောင်တို့ အာဆီယံ အစည်းအဝေး တက်ရောက်ပြီး နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်မယ်လို့ သဘောတူပြီးနောက် ထွက်ပေါ်လာခဲ့တာ ဖြစ်ပါတယ်။

ကမ္ဘောဒီးယား နယ်ခြားစောင့်တပ်က စတင် ပစ်ခတ်လို့ ထိုင်းစစ်သားတွေက ပြန်လည် ပစ်ခတ်ခဲ့ပြီးနောက် ၁၀ မိနစ်ကြာ အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပွားခဲ့တယ်လို့ ထိုင်းဖက်က ပြောကြားထားပါတယ်။
အဲဒီနောက် ကမ္ဘောဒီးယားဖက်က အပစ်ရပ်ဖို့ တောင်းဆိုလာတဲ့ အတွက် တိုက်ခိုက်မှု ရပ်သွားခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။
ကမ္ဘောဒီးယားစစ်တပ် ပြောခွင့်ရသူက တိုက်ခိုက်မှု ဖြစ်ပွားခဲ့ကြောင်း အတည်ပြုပြီး နယ်စပ်မှာ ကင်းလှည့်နေတဲ့ ကမ္ဘောဒီးယား စစ်သားတွေကို ထိုင်းစစ်သားတွေက စတင် တိုက်ခိုက်ခဲ့တာလို့ ပြောပါတယ်။
ကမ္ဘောဒီးယားနဲ့ထိုင်းနယ်စပ်မှာ ဟိုးအရင်ကတည်းက အငြင်းပွားမှုတွေ ရှိခဲ့ပြီး နိုင်ငံတကာတရားရုံးက ကြားဝင် ဖြေရှင်းပေးခဲ့ရပါတယ်။
လက်ရှိ ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်မာနက်ရဲ့ ဖခင် ဝန်ကြီးချုပ်ဟောင်း ဟွန်ဆန်နဲ့ လက်ရှိ ထိုင်းဝန်ကြီးချုပ် ပေသွန်ထန်ရဲ့ ဖခင် ဝန်ကြီးချုပ်ဟောင်း သက်ဆင်တို့ဟာ ရင်းနှီးတဲ့ မဟာမိတ်တွေ ဖြစ်ပါတယ်။
လက်ရှိ နှစ်နိုင်ငံခေါင်းဆောင်တွေက နယ်စပ် ပြဿနာကို ငြိမ်းချမ်းစွာ ဖြေရှင်းနိုင်မယ်လို့ မျှော်လင့်ကြောင်း ပြောဆိုထားပါတယ်။
Ref:AFP