တနင်္သာရီ၊ မေ ၃၀
တနင်္သာတိုင်း တနင်္သာမြို့နယ်အခြေစိုက် အမှတ် ၅၅၈ ခြေမြန်တပ်ရင်းက စစ်မှုထမ်း သင်တန်းဆင်း တပ်သားနှစ်ဦး လက်နက်ခဲယမ်းနဲ့အတူ အလင်းဝင်ရောက်လာခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် ဒေါနတပ်ရင်းထံက သိရပါတယ်။
ပြီးခဲ့တဲ့ မေ ၂၉ ရက်နေ့က ခမရ ၅၅၈ တပ်ရင်းမှာ တာဝန်ထမ်းဆောင်နေပြီး ပြည်သူ့စစ်မှုထမ်းဥပဒေနဲ့ အတင်းအဓမ္မစုဆောင်းခံရတဲ့ တပ်သား နှစ်ဦးဟာ ဒေါနတပ်ရင်း ဗျူဟာ ၃၃ နယ်မြေအတွင်းကို လက်နက်ခဲယမ်းတွေနဲ့ အလင်းဝင်ရောက်လာခဲ့တာပါ။
အလင်းဝင်ရောက်လာတဲ့ တပ်သားနှစ်ဦးဟာ စစ်ကောင်စီရဲ့ အတင်းအဓမ္မ တပ်သားစုဆောင်းခံရသူ တွေဖြစ်ပြီး တပ်သား ရန်လင်းထွန်းနဲ့ တပ်သား နေသူအောင် ဖြစ်ကာ ဝဲဂလိအခြေစိုက် အမှတ် (၄) တပ်မတော်တန်းမြှင့်လေ့ကျင့်ရေးကျောင်း တကက (၄) အပတ်စဉ် (၆) သင်တန်းဆင်းတပ်သားတွေ ဖြစ်ပါတယ်။

သူတို့နှစ်ဦးဟာ MA3 သေနတ်တစ်လက် ၊ ကျည်ဘောက်တစ်ဘောက် ၊ ကျည် ၂၅ တောင့်နဲ့ ဒေါနတပ်ရင်းထံ အလင်းဝင်ခဲ့တယ်လို့ ဆိုပါတယ်။
တပ်သား ရန်လင်ထွန်းဟာ ၁၀ အောင်ပြီးသား လူငယ်တစ်ဦးဖြစ်ပြီး ညဘက်အပြင်သွားနေချိန် စစ်ကောင်စီရဲ့ အတင်းအဓမ္မ တပ်သားစုဆောင်းခံခဲ့ရသူဖြစ်သလို တပ်သားနေသူအောင်ဟာလည်း နေရပ်မှာ တက္ကစီဆွဲ ခရီးသည် ပို့နေရင်း ည ၁၁ နာရီခန့်မှာ အတင်းအဓမ္မစုဆောင်းခံရပြီး စစ်ကောင်စီ တပ်ထဲရောက်ရှိလာတာ ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။
အလင်းဝင်လာသူတွေရဲ့ ပြောပြချက်အရ တပ်သားသစ် အယောက်တစ်ရာမှာ ဆယ်ယောက် လောက်သာ တပ်ထဲ နေချင်ကြပြီး ကျန်တဲ့ ၉၀ လောက်ဟာ ထွက်ပြေးချင်ကြသူတွေ ဖြစ်တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် ဗိုလ်မှူးတွေကလည်း ထွက်ပြေးတဲ့လူတွေကို PDF တွေက ထမင်းနှစ်နပ်လောက်ကျွေးပြီး စစ်ဆေးမေးမြန်းတဲ့ အချိန်မှာလည်း လည်လှီးသတ်ဖြတ်မယ်လို့ ခြိမ်းခြောက်ပြောဆိုထားတယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ မတ် ၂၅ ရက်နေ့ကလည်း တနင်္သာရီမြို့နယ် အခြေစိုက် အမှတ် ၅၅၈ ခြေမြန်တပ်ရင်းက စစ်မှုထမ်းသင်တန်းဆင်း တပ်သားနှစ်ဦး လက်နက်ခဲယမ်းတွေနဲ့ အလင်းဝင်ရောက်လာခဲ့တယ်လို့ သိရပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – ဒေါနတပ်ရင်း