မော်လမြိုင် ၊ မေ ၂၉

မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့မှာ နှစ်ရက်တာ ကျင်းပခဲ့တဲ့ အာဆီယံထိပ်သီးအစည်းအဝေးအပြီး မြန်မာနိုင်ငံမှာ အပစ်ခတ်ရပ်စဲရေးဆိုင်ရာ အာဆီယံခေါင်းဆောင်တွေရဲ့ သဘောထားထုတ်ပြန်ချက်ကို မေ ၂၇ ရက်နေ့မှာ ကြေညာလာပါတယ်။

ကြေညာချက်အရ မြန်မာနိုင်ငံမှာ ဖြစ်ပွားနေတဲ့ ပဋိပက္ခတွေ အဆုံးသတ်ဖို့ ပထမအဆင့်အနေနဲ့ သက်ဆိုင်တဲ့ အဖွဲ့အစည်းတွေအားလုံး ယာယီအပစ်ခတ်ရပ်စဲရေးကို ထပ်မံသက်တမ်းတိုးဖို့ တိုက်တွန်းထားတာပါ။

ဒါ့အပြင် ရေရှည်တည်တံ့ခိုင်မြဲတဲ့ ငြိမ်းချမ်းရေးရရှိဖို့ ရည်ရွယ်ချက်နဲ့ အားလုံးပါဝင်တဲ့ အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲတွေ ကျင်းပနိုင်ရေး ယုံကြည်မှုတည်ဆောက်ကြဖို့ကိုလည်း တိုက်တွန်းထားတာ တွေ့ရပါတယ်။

မွန်ပြည်တော်လှန်ရေးတပ် MSRF ပြောခွင့်ရ နိုင်နဂါးက အရပ်သားနဲ့ အများပြည်သူဆိုင်ရာအဆောက်အဦတွေကို နေ့စဉ် ဗုံးကြဲနေတဲ့ စစ်ကောင်စီလုပ်ရပ်အပေါ် အာဆီယံက အပစ်ရပ်သက်တမ်းတိုးဖို့ ပြောတာဟာ လက်တွေ့မကျဘူးလို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

“တော်လှန်ရေးအဖွဲ့အစည်းတွေရဲ့ စစ်ရေးလှုပ်ရှားမှု မြေပြင်မှာ တိုက်ပွဲဖော်ဆောင်မှု မရှိဘဲနဲ့ အကြမ်းဖက်စစ်ကောင်စီက ပြည်သူတွေရဲ့ အိုးအိမ်ကျေးရွာ စာသင်ကျောင်း၊ ဘုန်းကြီးကျောင်း စတာတွေကို နေ့စဉ်ရက်ဆက် ဗုံးတွေနဲ့ ကြဲနေတာ၊ လက်နက်ကြီးတွေနဲ့ ပစ်နေတာ၊ ရွာတွေကို မီးရှို့နေတာကို တကမ္ဘာလုံးက သိနေမြင်နေ ကြားနေပါလျက်နဲ့ အာဆီယံက အခုလို ပဋိပက္ခတွေချုပ်ငြိမ်းဖို့ အပစ်ခတ်ရပ်စဲတာကို သက်တမ်းတိုးပါလို့ ပြောသွားတာဟာ အင်မတန်မှ ယုတ္တိယုတန်မရှိတဲ့ ကြေညာချက်လို့ ပြောချင်တယ်။ လက်တွေ့ လည်းမကျတဲ့ ကြေညာချက်လို့ ကျွန်တော်ပြောချင်တယ်ဗျ” လို့ ဆိုပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ လူ့အခွင့်အရေးဝန်ကြီးဌာနက စာရင်းတွေအရ စစ်ကောင်စီရဲ့ အပစ်ရပ်ကြေညာချက် နှစ်ကြိမ်အတွင်း နိုင်ငံတစ်ဝန်း လေကြောင်းတိုက်ခိုက်မှုတွေကြောင့် အ ရပ်သား ၃၀၀ နီးပါး သေဆုံးခဲ့ပြီး ၄၅၆ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။

စစ်ကောင်စီအနေနဲ့ အပစ်ခတ်ရပ်စဲရေးကို သုံးကြိမ်တိုင် သက်တမ်းတိုးထားပေမယ့် အရပ်သားတွေနဲ့ အများပြည်သူဆိုင်ရာအဆောက်အဦတွေကို ပစ်မှတ်ထားပြီး လေကြောင်းတိုက်ခိုက်မှုတွေ တိုးမြင့်လုပ်ဆောင်လာနေတာပါ။

အာဆီယံခေါင်းဆောင်တွေကတော့ အရပ်သားတွေနဲ့ အများပြည်သူဆိုင်ရာ အဆောက်အဦတွေအပေါ် အကြမ်းဖက်မှုတွေကို ချက်ချင်းရပ်တန့်ဖို့နဲ့ စစ်ဘက်အရပ်ဘက် မခွဲခြားဘဲ တိုက်ခိုက်မှုတွေကိုလည်း ချက်ချင်းရပ်တန့်ဖို့ သက်ဆိုင်တဲ့အဖွဲ့အားလုံးကို တိုက်တွန်းထားတယ်လို့ ကြေညာချက်မှာ ဖော်ပြပါတယ်။

လေ့လာသူတွေကတော့ အာဆီယံအနေနဲ့ စစ်ကောင်စီရဲ့ အရပ်သားတွေကို ဦးတည်တဲ့ တိုက်ခိုက်မှုတွေအပေါ် အကျိုးသက်ရောက်တဲ့ အရေးယူမှုတွေ လုပ်ရမယ့်အစား လက်တွေ့မကျတဲ့ ကြေညာ ချက်ဟာ စစ်ခေါင်းဆောင်နဲ့ အပေါင်းအပါတွေအတွက် ဂရုစိုက်လိမ့်မှာမဟုတ်ဘူးလို့ ထောက်ပြပါတယ်။

ကရင်အမျိုးသားအစည်းအရုံး KNU ပြောခွင့်ရ ပဒိုစောတောနီးက မြေပြင်မှာ စစ်ကောင်စီရဲ့ အ ပြောင်းအလဲမရှိတဲ့ လုပ်ရပ်အပေါ် နည်းလမ်းပေါင်းစုံနဲ့ အစွမ်းကုန်တိုက်ပွဲဝင်နေဆဲလို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

“စကစ ကနေ အပစ်အခတ်ရပ်စဲရေး တတွင်တွင်ပြောပြီး ပြည်သူလူထုတွေအပေါ် ဆက်လက်ပြီး ဗုံးမိုးဒလကြမ်း ကြဲချနေတုန်းဆိုတာပဲ မြင်ရတယ်ဗျ။ မြေပြင်မှာ စကစဘက်က ဘာမှထူးခြားသိသာတဲ့အပြောင်းအလဲ တစ်ခုမှမရှိပါဘူး ခင်ဗျ။ အဲဒါကြောင့် ကျွန်တော်တို့ဘက်ကလည်း စစ်အာဏာရှင်တိုက်ဖျက်ရေးနဲ့ မည်သည့်အာဏာရှင်စနစ်မှ အမြစ်မတွယ်နိုင်ရေးအတွက် စစ်ရေး၊နိုင်ငံရေး၊သံတမန်ရေးနည်းလမ်းပေါင်းစုံသုံးပြီး အစွမ်းကုန်ဆက်လက်တိုက်ပွဲဝင်နေဆဲပါခင်ဗျ” လို့ ဆိုပါတယ်။

လတ်တလောမှာ ထိုင်း-မြန်မာနယ်စပ် မြဝတီ-ဝေါ်လေကားလမ်းပေါ်က စစ်ကောင်စီတပ်စခန်းတွေကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA နဲ့ ပူးပေါင်းအဖွဲ့တွေက ထိုးစစ်ဆင်နေတာလို့ ဒေသတွင်းသတင်းတွေအရ သိရပါတယ်။

၂၀၂၁ ခုနှစ်မှာ သဘောတူခဲ့တဲ့ အာဆီယံဘုံသဘောတူညီချက် ၅ ရပ်ကိုလည်း အာဆီယံ ခေါင်း ဆောင်တွေက ဆက်လက်ထောက်ခံပြီး အပြည့်အဝ အကောင်အထည်ဖော်ဖို့ အရေးကြီးတယ်လို့ ကြေညာချက်မှာ ဖော်ပြထားတာပါ။

ဘုံသဘောတူညီချက် ငါးရပ်ထဲမှာ အကြမ်းဖက်မှုတွေ ရပ်ဆိုင်းဖို့အပါအဝင် သက်ဆိုင်ရာအစုအဖွဲ့အားလုံးနဲ့ တွေ့ဆုံဆွေးနွေးဖို့ အချက်တွေ ပါဝင်နေပေမယ့် အာဏာသိမ်းမှု လေးနှစ်ကျော်အတွင်း အကောင်အထည်မဖော်နိုင်ခဲ့ပါဘူး။

ကြည်းတပ် CDM ဗိုလ်ကြီး ဇင်ယော်က ဆွေးနွေးရေးဟာ နှစ်ဘက် တောင်းဆိုလိုက်လျောမှုတွေနဲ့ နွေဦးတော်လှန်ရေးကို အရှိန်ရပ်တန့်စေတဲ့အနေအထားမို့ စစ်ကောင်စီကို တိုက်စစ်အရှိန်မြှင့်ဖို့ပဲ လိုတယ်လို့ သုံးသပ်ပါတယ်။

“လက်နက်ကိုင်တော်လှန်‌ရေးကပဲ နွေဦးတော်လှန်ရေးကို အဆုံးအဖြတ်ပေးမယ့် အနေအထားပဲ ဖြစ်ပါတယ်။ ဆွေးနွေးမယ်ဆိုရင်လည်း မဖြစ်နိုင်တဲ့ တောင်းဆိုမှုတွေ လိုက်လျောမှုတွေနဲ့ နှစ်ဘက် ကာလရှည်ကြာတဲ့ နွေဦးတော်လှန်ရေးကို အရှိန်ရပ်တန့်ပြီးတော့ ဝေဝါးသွားစေမယ့် အနေအထားမျိုးပဲ ဖြစ်ပါတယ်။ တော်လှန်‌ရေးအင်အားစုတွေအနေနဲ့ကတော့ ဆွေးနွေးသည်ဖြစ်စေ မဆွေးနွေးသည်ဖြစ်စေ ဘယ်သူတွေ ဆွေးနွေးသည်ဖြစ်စေ လက်နက်ကိုင်တော်လှန်ရေးက စစ်ကောင်စီကို တိုက်စစ်အရှိန် ပိုပြီးတော့ မြှင့်ဖို့ပဲ လိုအပ်ပါတယ်”လို့ ဆိုပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ NUG ကတော့ အတင်းအကြပ်ဖိအားပေးပြီး စေ့စပ်ဆွေးနွေးစေခြင်းနဲ့ အပစ်အခတ်ရပ်စဲစေခြင်းက ရေရှည်မှာ ပြဿနာပြေလည်ရေးကို အထောက်အကူဖြစ်မှာ မ ဟုတ်ဘူးလို့ သမ္မတရုံးပြောခွင့်ရ ဦးကျော်ဇော်က ထုတ်ပြောထားတာပါ။

Justice For Myanmar ကလည်း ဘုံသဘောတူညီချက် ငါးရပ်ဟာ အလုပ်မဖြစ်ခဲ့တဲ့အပြင် ထိရောက်တဲ့ နိုင်ငံတကာအရေးယူဆောင်ရွက်မှုတွေကို ဟန့်တားခဲ့ပြီး အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုတွေ ဆက်လက်လုပ်ဆောင်ဖို့ စစ်အုပ်စုကို အကာအကွယ်ပေးထားခဲ့တယ်လို့ ဆိုပါတယ်။

အာဆီယံအဖွဲ့ဝင်နိုင်ငံတွေဖြစ်တဲ့ ဗီယက်နမ်၊ထိုင်း၊စင်ကာပူ၊မလေးရှားနဲ့ အင်ဒိုနီးရှားက ကုမ္ပဏီ ၅၄ ခုဟာ စစ်ကောင်စီကို အခွန်ငွေ၊ လေယာဉ်ဆီနဲ့ နည်းပညာတွေ ပံ့ပိုးကူညီနေတယ်လို့ မေ ၂၄ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-AP

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.