ဝေါ်လေ၊ မေ ၂၈

ကရင်ပြည်နယ် ဝေါ်လေမြို့ အခြေစိုက်ဗျူဟာစခန်းကနေ သေဘောဘိုးတပ်စခန်းဆီ စစ်ကူလာတဲ့ စစ်ကောင်စီစစ်ကြောင်းတစ်ခုလုံး တိုက်ခိုက်ချေမှုန်းခံလိုက်ရပြီး စစ်ကောင်စီတပ်အများအပြား သေဆုံးခဲ့ပြီး ၁၀ ဦးထက်မနည်း အရှင်ဖမ်းမိခဲ့တယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေရဲ့ ပြောဆိုချက်အရ သိရပါတယ်။

KNLA တပ်မဟာ ၆ တော်လှန်ရေးပူးပေါင်းတပ်တွေ ဝိုင်းရံပိတ်ဆို့တိုက်ခိုက်နေတဲ့ သေဘောဘိုးတပ်စခန်း မကျရေးအတွက် အင်အား ၇၀ နီးပါးပါတဲ့ စစ်ကောင်စီတပ်ဟာ မေ ၂၇ ရက်နေ့ မနက်ပိုင်းက ဝေါ်လေဗျူဟာစခန်းကနေတစ်ဆင့် သေဘောဘိုးကျေးရွာဘက်ဆီ ဦးတည်လာပြီး မြေပြင်ကနေ စစ်ကြောင်းထိုးလာခဲ့ရာ ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော် DKBA ဗဟိုဌာနချုပ်ဖြစ်တဲ့ ဆုံဆည်းမြိုင်မှာ ရောက်ရှိလာခဲ့တာ ဖြစ်ပါတယ်။

DKBA ဗဟိုဌာနချုပ်ဖြစ်တဲ့ ဆုံဆည်းမြိုင်မှာ ရောက်ရှိလာနေတဲ့ အင်အား ၇၀ နီးပါးပါတဲ့ စစ်ကောင်စီတပ်စစ်ကြောင်းကို KNLA KNDO PDF ပူးပေါင်းတပ်ဖွဲ့တွေက ဆုံဆည်းမြိုင်အနီးမှာ ကြားဖြတ်ပိတ်ဆို့ တိုက်ခိုက်ချေမှုန်းခဲ့ရာ စစ်ကောင်စီတပ်စစ်ကြောင်းတစ်ကြောင်းလုံး ထိခိုက်သွားခဲ့ပြီး အများအပြား သေဆုံးသွားခဲ့တယ်လို့ စစ်ရေသတင်းရင်းမြစ်တွေက ဆိုပါတယ်။

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား အနည်းဆုံး ၁၀ ဦးကိုလည်း KNLA တပ်မဟာ ၆ တော်လှန်ရေးပူးပေါင်းတပ်တွေက အရှင်ဖမ်းဆီးရမိတာတွေရှိသလို အထိနာခဲ့တဲ့ စစ်ကောင်စီတပ်က DKBA ဗဟိုဌာနချုပ်ဖြစ်တဲ့ ဆုံဆည်းမြိုင်ကို လေကြောင်းကနေ အပြင်းအထန်ဗုံးကြဲတိုက်ခိုက်နေတယ်လို့ စစ်ရေးသတင်ရင်းမြစ်တွေက ပြောပါတယ်။

မေ ၂၇ ရက်နေ့နဲ့ ၂၈ ရက်နေ့အတွင်း သေဘောဘိုးစခန်းဆီ စစ်ကူပေးဖို့ ရောက်လာတဲ့ စစ်ကောင်စီတပ်စစ်ကြောင်းကို KNLA PDF ဗျူဟာ ၃၂ ပူးပေါင်းစစ်ကြောင်းတွေက ပိတ်ဆို့တိုက်ခိုက်ရှင်းလင်းနိုင်ခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ လက်နက်ခဲယမ်းတွေကို ဖမ်းဆီးသိမ်းဆည်းရရှိခဲ့တယ်လို့ ကျားသစ်နက်စစ်ကြောင်းကလည်း သတင်းထုတ်ပြန်ထားပါတယ်။

ထိုင်းနယ်စပ်အနီးမှာ စစ်ကောင်စီတပ်ရဲ့ လေယာဉ်လာရောက်ဗုံးကြဲတိုက်ခိုက်နေတဲ့အတွက် ထိုင်းစစ်တပ်ကလည်း တိုက်လေယာဉ်တွေ စေလွှတ်ထားသလို ထိုင်းစစ်တပ်ကလည်း နယ်စပ်တလျှောက်မှာ တပ်ဖွဲ့ဝင်တွေချထားပြီး နယ်စပ်လုံခြုံရေးကို လှည့်လည်စောင့်ကြည့်နေတယ်လို့လည်း ထိုင်းသတင်းတွေက ဖော်ပြအသိပေးထားပါတယ်။

ကရင်ပြည်နယ် မြဝတီခရိုင် ဝေါ်လေ-မြဝတီ ကားလမ်းပေါ်မှာရှိတဲ့ စစ်ကောင်စီတပ်ရဲ့ သေဘောဘိုးစခန်းကို မေ ၂၇ ရက်နေ့က KNLA တပ်မဟာ ၆ တော်လှန်ရေးပူးပေါင်းတပ်တွေက ထိုးစစ်ဆင်တိုက်ခိုက်နေခဲ့ရာ စခန်းမကျဖို့အတွက် စစ်ကောင်စီတပ်က ဝေါ်လေဗျူဟာကနေ စစ်ကူပို့လာတဲ့အချိန်မှာ လမ်းတဝက်မှာ ကြားဖြတ်ချေမှုန်းတိုက်ခိုက်ခံခဲ့ရတာ ဖြစ်ပါတယ်။

သေဘောဘိုးတိုက်ပွဲကြောင့် သေဘောဘိုး၊ တောင်နီ၊ ဆုံဆည်းမြိုင် စတဲ့ ကျေးရွာတွေက ဒေသခံ ၃၀၀ ကျော်ဟာ ထိုင်းနိုင်ငံထဲကို ထွက်ပြေးတိမ်းရှောင်နေခဲ့ရပြီး ထိုင်းအာဏာပိုင်တာဝန်ရှိသူတို့က စောင့်ရှောက်ကူညီပေးထားတယ်လို့ သိရပါတယ်။

KNLA တပ်မဟာ ၆ ဦးဆောင်တဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေဟာ စစ်ကောင်စီတပ်ရဲ့ သေဘောဘိုးတပ်စခန်းအပြင် ကနဲလေး မော်ခီးစတဲ့စခန်းတွေကို ပြီးခဲ့တဲ့ မေ ၂၀ ရက်နေ့က တိုက်ခိုက်တာတွေ လုပ်ဆောင်နေတဲ့အတွက် နှစ်ဖက်တိုက်ပွဲတွေ အပြင်းအထန်ဖြစ်ပွားနေတာဖြစ်ပြီး စစ်ကောင်စီတပ်ကတော့ စခန်းမကျဖို့အတွက် လေကြောင်းကိုသာ အဓိကအားထား အသုံးပြုတိုက်ခိုက်နေရတာဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – KNLA/PDF

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.