ရေဖြူ၊ မေ ၂၉

တနင်္သာရီတိုင်း ရေဖြူမြို့နယ်ထဲမှာ စစ်ကောင်စီတပ်ရဲ့ နေ့စဉ်ရက်ဆက် လက်နက်ကြီး ပစ်ခတ်မှုကြောင့် ဒေသခံ ၃၀၀၀ ကျော် နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ စစ်ရှောင်အရေးကူညီနေသူတွေထံကနေ သိရပါတယ်။

မေနောက်ဆုံးအပတ်ကစလို့ ရေဖြူအခြေစိုက် စစ်ကောင်စီတပ်ရင်းတွေက မင်းသားကျေးရွာအုပ်စုထဲကို နေ့စဉ်နဲ့အမျှ လက်နက်ကြီး ပစ်ခတ်နေတဲ့အတွက် ဒေသခံပြည်သူတွေ စိုးရိမ်ကြောက်လန့်မှုကြောင့် တိမ်းရှောင်နေရတာ ဖြစ်ပါတယ်။

လက်နက်ကြီး ပစ်ခတ်မှုကြောင့် ဆင်စွယ်၊ မင်းသား၊ စိန်ဘုံ၊ ဘုရားသုံးဆူ၊နတ်ကြီးစင်၊ ရေငံကြီး၊ ကျောက်တလုံးကျေးရွာ အပါအဝင် ကျေးရွာ ၈ ရွာက ဒေသခံ ၃၀၀၀ ကျော် စစ်ရှောင်နေရတာပါ။

လက်ရှိမှာတော့ စစ်ရှောင်ပြည်သူတွေ လိုအပ်နေတဲ့ စားနပ်ရိက္ခာနဲ့ဆေးဝါတွေကို ကူညီထောက်ပံ့ပေးနေပေမယ့် စစ်ရှောင်အရေအတွက် ထပ်တိုးလာတာကြောင့် မလုံလောက်မှုနဲ့ကြုံနေရပါတယ်။

ဒါ့အပြင် မကြာမီ မိုးတွင်းကာလရောက်လာတော့မှာဖြစ်လို့ လိုအပ်နေတဲ့ ရိက္ခာနဲ့ဆေးဝါး၊ အမိုးအ ကာတွေ မရပါက စစ်ဘေးရှောင်တွေအတွက် ကျန်းမာရေးနောက်ဆက်တွဲ ပြဿနာတွေ ရှိလာနိုင်တယ်လို့ ဆိုပါတယ်။

ဒေသတွင်း သုတေသနအဖွဲ့ဖြစ်တဲ့ FE 5 Thanintharyi ရဲ့ အစီရင်ခံစာအရ တနင်္သာရီတိုင်းက နှစ်ဖက်တိုက်ပွဲတွေကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်ခဲ့ရသူ ၇၅၃၀၀ ကျော်အထိ ရှိလာခဲ့တာပါ။

တနင်္သာရီတိုင်းအတွင်းရှိ စစ်ရှောင်ပြည်သူတချို့ဟာ ငှက်ဖျား၊ ဝမ်းရောဂါ၊ အရေပြားရောဂါနဲ့ အ သက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါ အဖြစ်များနေပြီး ဆေးဝါး မလုံလောက်နဲ့ ကြုံတွေ့နေရတယ်လို့ FE 5 Thanintharyi က ထုတ်ပြန်ထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.