နယူးယောက်၊ မေ ၂၇
အရှိန်လျှော့မသွားတဲ့ တိုက်ပွဲတွေ၊ ရက်စက်မှုတွေနဲ့ စီးပွားရေး ပြိုလဲမှု ပိုမို နက်ရှိုင်းလာတာကြောင့် မြန်မာနိုင်ငံမှာ လူ့အခွင့်အရေး ပြဿနာ ကပ်ဆိုး တစ်ခု ဖြစ်လာနိုင်တယ်လို့ ကုလသမဂ္ဂ လူ့အခွင့်အရေး ကော်မရှင်နာမင်းကြီး ဗိုလ်ကာ တက်ခ်က မေ ၂၆ ရက်မှာ ပြောကြားလိုက်ပါတယ်။
အာဏာသိမ်းပြီးနောက်ပိုင်း စစ်တပ်ရဲ့ တိုက်ခိုက်မှုတွေကြောင့် အရပ်သားသေဆုံးမှုဟာ ၂၀၂၄ ခုနှစ်မှာ အများဆုံး ဖြစ်တယ်လို့ ကုလသမဂ္ဂ လူ့အခွင့်အရေးရုံး OHCHR ရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

တိုက်ပွဲတွေ အရှိန် ပိုမြင့်လာတာကြောင့် နိုင်ငံ့စီးပွားရေးကို ဆိုးဆိုးရွားရွား ထိခိုက်စေခဲ့ပြီး အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာ့ စီးပွားရေး ဒေါ်လာ ၉၃ ဒသမ ၉ ဘီလီယံ ဆုံးရှုံးခဲ့ကြောင်းလည်း အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
ပြည်တွင်း ထုတ်ကုန်တန်ဖိုး GDP ဟာလည်း ၂၀၂၈ ခုနှစ်မတိုင်ခင် အထိ ကမ္ဘာ့ကပ်ရောဂါမတိုင်ခင်က အဆင့်မျိုး ပြန်ရောက်ရှိလာမယ်လို့ မျှော်လင့်လို့ မရကြောင်းလည်း OHCHR က ပြောကြားထားပါတယ်။
ငွေဖောင်းပွမှု ပိုများလာပြီး ကျပ်ငွေ တန်ဖိုး ၄၀ ရာခိုင်နှုန်း လျော့ကျသွားသလို နိုင်ငံ့လူဦးရေရဲ့ ထက်ဝက်ကျော်ဟာ ဆင်းရဲမွဲတေမှု စည်း အောက်မှာ ရှိနေတယ်လို့ သိရပါတယ်။

စားနပ်ရိက္ခာ မဖူလုံမှု၊ ကုန်ဈေးနှုန်း မြင့်တက်မှုနဲ့ ရင်ဆိုင်နေရချိန်မှာ ငလျင်ဘေးနဲ့ ကြုံတာကြောင့် ပြဿနာ ပိုမို ဆိုးရွားလာခဲ့ပါတယ်။
အထူးသဖြင့် အာရက္ခတပ်တော် AA က နယ်မြေတွေအများကြီး သိမ်းယူထားတဲ့ ရခိုင်ပြည်နယ်မှာ လူသားချင်း စာနာထောက်ထားရေး အခြေအနေတွေ ပိုဆိုးလာနေပြီး စစ်တပ်နဲ့ AA ရဲ့ တိုက်ပွဲတွေမှာ ရိုဟင်ဂျာ လက်နက်ကိုင်တွေလည်း ပါဝင်လာတာကြောင့် ရှုပ်ထွေးမှုတွေ ဖြစ်ပေါ်နေတယ်လို့ OHCHR က ဆိုတာပါ။
ဒီအခြေအနေကို လူသားချင်းစာနာထောက်ထားရေး အကူအညီတွေနဲ့ နေရပ်စွန့်ခွာ ထွက်ပြေးနေရသူတွေအတွက် နယ်စပ် ဖြတ်ကျော် အကူအညီပေးတာ အပါအဝင် ဘက်ပေါင်းစုံက ဖြေရှင်းသင့်တယ်လို့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
Ref:UN.org