ဝါရှင်တန်၊ မေ ၂၆
စစ်ခင်းနေကြတဲ့ နှစ်နိုင်ငံကြား အကျဉ်းသား အများအပြား လဲလှယ်ထားပြီးချိန်မှာတောင် ရုရှားက ယူကရိန်းကို ဒရုန်းတွေနဲ့ အကြီးမားဆုံး တိုက်ခိုက်မှု ပြုလုပ်ခဲ့ပြီးနောက် သမ္မတ ဗလာဒီမာ ပူတင် ရူးသွားပြီလို့ အမေရိကန်သမ္မတ ဒေါ်နယ် ထရန့်က မေ ၂၅ ရက်မှာ ပြောကြားလိုက်ပါတယ်။
ယူကရိန်းကို ရုရှားက မေ ၂၅ ရက်အထိ ဒရုန်းတွေနဲ့ စံချိန်တင် တိုက်ခိုက်ခဲ့ပြီး လူ ၁၃ ဦးထက်မနည်း သေဆုံးခဲ့ပါတယ်။

မိမိမှာ ရုရှားသမ္မတ ပူတင်နဲ့ အမြဲတမ်း ကောင်းမွန်တဲ့ ဆက်ဆံရေး ရှိခဲ့ပေမယ့် သူ တစ်ခုခု ဖြစ်သွားပြီး လုံးဝ ရူးသွပ်သွားပြီလို့ သမ္မတ ထရန့်က သူ့ရဲ့ Truth Social လူမှုမီဒီယာမှာ ရေးပါတယ်။
ပူတင်ဟာ ယူကရိန်း တစ်နိုင်ငံလုံးကို လိုချင်နေတာ ဖြစ်ပြီး အစိတ်အပိုင်း တစ်ခုတည်း လိုချင်တာ မဟုတ်ဘူးဆိုတာကို ကျွန်တော် အမြဲ ပြောခဲ့ပါတယ်လို့ ထရန့်က ပြောပါတယ်။
ဒါပေမဲ့ အဲဒီလိုလုပ်မယ်ဆိုရင် ရုရှား ကျရှုံးခန်းဆီ ဦးတည်သွားလိမ့်မယ်လို့ ထရန့်က ပြောပါတယ်။
သူအမြဲတမ်း လေးလေးစားစား ဆက်ဆံခဲ့တဲ့ ပူတင်အပေါ် အခု သူ့ရဲ့ အခုလို မှတ်ချက်တွေဟာ ရှားရှားပါးပါး ဖြစ်ပါတယ်။
ယူကရိန်းနဲ့ ငြိမ်းချမ်းရေး ဆွေးနွေးမှု ရှေ့မတိုးနိုင် ဖြစ်နေရတဲ့ အခြေအနေမှာ မော်စကိုရဲ့ ရပ်တည်ချက်နဲ့ ပတ်သက်လို့ ပိုပြီး စိတ်ပျက်လာရတယ်လို့ အမေရိကန် သမ္မတက ပြောလာတာပါ။

ရုရှားရဲ့ နောက်ဆုံး တိုက်ခိုက်မှုနဲ့ ပတ်သက်လို့ မပျော်မရွှင် ဖြစ်ရပြီး ဒဏ်ခတ် ပိတ်ဆို့မှုတွေ ပိုပြီး လုပ်ဖို့ လုံးဝ စဉ်းစားနေတယ်လို့ ထရန့်က သတင်းထောက်တွေကို ပြောထားပါတယ်။
မြို့တော် ကိဗ် အပါအဝင် ယူကရိန်းကို ရုရှားက နှစ်ညဆက်တိုက် လေကြောင်း တိုက်ခိုက်မှုတွေ ပြုလုပ်တာဟာ အကြမ်းဖက်မှု ဖြစ်တယ်လို့ ယူကရိန်းအရေးပေါ်ဌာနက ပြောပါတယ်။
ရုရှားရဲ့ နောက်ဆုံး တိုက်ခိုက်မှုကြောင့် သေဆုံးသူတွေထဲမှာ အသက် ၈ နှစ်၊ ၁၂ နှစ်နဲ့ ၁၇ နှစ်အရွယ် ကလေးတွေ ပါဝင်ပါတယ်။
ရုရှား ခေါင်းဆောင်ပိုင်းအပေါ် အားကောင်းကောင်းနဲ့ အမှန်တကယ် ဖိအား မပေးဘဲ ဒီလို ရက်စက်မှုတွေကို တားဆီးနိုင်မှာ မဟုတ်ဘူးလို့ ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇီလန်စကီးက ပြောပါတယ်။
အမေရိကန်က နှုတ်ဆိတ်နေပြီး ကမ္ဘာတဝန်း တခြား နိုင်ငံတွေကလည်း နှုတ်ဆိတ်နေတာက မိမိတို့ကို တိုက်ခိုက်မှုတွေ လုပ်ဖို့ ပူတင်ကို စေ့ဆော်သလို ဖြစ်နေတယ်လို့ သမ္မတ ဇီလန်စကီးက ပြောပါတယ်။
ဒါပေမဲ့ ဒေါ်နယ် ထရန့်က ဇီလန်စကီးကို အပြစ်တင်ပြီး သူ့ပါးစပ်က ထွက်လာသမျှ စကားတွေက ပြဿနာ ဖြစ်စေတာကြောင့် ရပ်တန့်ဖို့ လိုတယ်လို့ ပြောထားပါတယ်။
စစ်ပွဲကို ရပ်တန့်ရေး ရုရှားအပေါ် အပြင်းထန်ဆုံး ဖိအားပေးဖို့ ဥရောပ ထိပ်တန်း သံတမန် ကာဂျာ ကောလာ့စ်က ပြောပါတယ်။
ရုရှားရဲ့ တိုက်ခိုက်မှုကို ဂျာမနီအပါအဝင် တခြား ဥရောပ နိုင်ငံတွေကလည်း ပြစ်တင် ရှုတ်ချထားပါတယ်။
Ref:AFP