တိုကျို၊ မေ ၁၉
ဂျပန်မှာ ပုံမှန်စားသုံးတဲ့ အစားအစာ တစ်ခု ဖြစ်တဲ့ ဆန်ဈေး ခေါင်ခိုက်အောင်မြင့်တက်နေချိန်မှာ ထောက်ခံသူတွေ လက်ဆောင်ပေးတာကြောင့် ဆန်တစ်ခါမှ ဝယ်မစားခဲ့ဖူးဘူးလို့ ပြောဆိုမိလို့ ပြည်သူတွေကို ဒေါသထွက်စေမိခဲ့ပြီးတဲ့နောက် စိုက်ပျိုးမွေးမြူရေးဝန်ကြီး တာကူ အီတိုက ပြန်လည် တောင်းပန်လိုက်ပါတယ်။
မေ ၁၈ ရက်က ပြုလုပ်ခဲ့တဲ့ ပါတီ ရန်ပုံငွေ ရှာဖွေရေး အခမ်းအနားမှာ သူပြောဆိုခဲ့တဲ့ စကားကို Kyodo News သတင်းဌာနက ပထမဆုံး ဖော်ပြခဲ့ပြီးနောက် တခြား ပြည်တွင်းသတင်းဌာနတွေကလည်း ဆက်လက် ဖော်ပြချိန် အွန်လိုင်းမှာ လူအများ ဒေါသတကြီး တုံ့ပြန်ခဲ့ကြတာပါ။

ဆန်ဈေး အဆမတန်ကြီးနေချိန်မှာ ဆန်ဝယ်မစားခဲ့ဖူးဘူးလို့ ပြောဆိုတဲ့ စိုက်ပျိုးမွေးမြူရေးဝန်ကြီး ရာထူးကနေ နုတ်ထွက်ပေးဖို့ တောင်းဆိုမှုတွေလည်း ထွက်ပေါ်နေပါတယ်။
သူ့အနေနဲ့ စကားပြောမှားသွားတာ ဖြစ်ပြီး ပရိသတ် သဘောကျစေဖို့ နည်းနည်း ချဲ့ကား ပြောဆိုမိတာ ဖြစ်တယ်လို့ ဝန်ကြီး တာကူ အီတိုက ပြောကြားကာ ပြန်လည် တောင်းပန်ခဲ့ပါတယ်။
ဂျပန်မှာ နိုင်ငံခြားသားတွေ ပိုများလာပြီး အရမ်းပူတဲ့ အပူချိန်ကြောင့် ကောက်ပဲသီးနှံ ဖြစ်ထွန်းမှု လျော့ကျလာနေချိန် လက်လီရောင်းတဲ့ ဆန်ဈေးဟာ ပြီးခဲ့တဲ့ တစ်နှစ်ကထက် နှစ်ဆကျော် မြင့်တက်လာခဲ့ပါတယ်။

ဈေးနှုန်း လျော့ကျစေဖို့ အစိုးရက အရေးပေါ် အခြေအနေအတွက် သိုလှောင်ထားတဲ့ ဆန်တွေကို ထုတ်ရောင်းပေးနေပေမယ့် သက်ရောက်မှုက နည်းနည်းလေးပဲ ရှိပါတယ်။
ဆန်ဈေးနှုန်း မြင့်တက်မှုနဲ့ပတ်သက်လို့ လူ ၁၀ ဦးမှာ ၉ ဦးလောက်က အစိုးရကို မကျေမနပ် ဖြစ်နေပြီး ဝန်ကြီးချုပ်အပေါ် ထောက်ခံမှုကလည်း သိသိသာသာ လျော့ကျလာနေတာ ဖြစ်ပါတယ်။
Ref: Reuters