တီဟီရန်၊ မေ ၁၉

တီဟီရန်ရဲ့ နျူကလီးယား စီမံကိန်းနဲ့ပတ်သက်လို့ လက်ရှိ ဆွေးနွေးမှုတွေ ရှိနေပေမယ့် အီရန် နိုင်ငံခြားရေးဝန်ကြီး အဘတ်စ် အာရက်ချီက ကမ္ဘာ့ အင်အားကြီးနိုင်ငံတွေနဲ့ သဘောတူညီမှု ရသည်ဖြစ်စေ မရသည် ဖြစ်စေ ယူရေနီယံ သန့်စင်မှု ဆက်လက် ပြုလုပ်သွားမှာ ဖြစ်တယ်လို့ မေ ၁၈ ရက်မှာ ပြောကြားလိုက်ပါတယ်။

အီရန်ကို နျူကလီးယား လက်နက် မပိုင်ဆိုင်စေရေး သေချာအောင် လုပ်ဆောင်ဖို့ အမေရိကန်က စိတ်ဝင်စားတယ်ဆိုရင် သဘောတူညီမှု ရရှိနိုင်တယ်လို့ ဝန်ကြီး အာရက်ချီက လူမှုမီဒီယာ X ပေါ်မှာ ရေးသားခဲ့တာပါ။

အဲဒီလို ရလဒ် ထွက်ပေါ်စေဖို့ သေချာစေရေး ဖြေချင်းချက် ရယူနိုင်မယ့် အလေးအနက် ဆွေးနွေးညှိနှိုင်းမှုတွေအတွက် မိမိတို့ အသင့်ရှိတယ်လို့လည်း သူက ပြောပါတယ်။

ဒါပေမဲ့ အီရန်မှာ သန့်စင်မှုတွေကို သဘောတူညီမှု ရသည် ဖြစ်စေ မရသည် ဖြစ်စေ ဆက်လက် လုပ်ဆောင်သွားမှာ ဖြစ်တယ်လို့ သူက ဖြည့်စွက် ပြောပါတယ်။

အီရန်က လက်ရှိမှာ ယူရေနီယံတွေကို ၆၀ ရာခိုင်နှုန်းကျော်အထိ သန့်စင် ထုတ်လုပ်နေပြီး ၂၀၁၅ ခုနှစ်သဘောတူညီမှုမှာ သတ်မှတ်ထားတဲ့ ရာခိုင်နှုန်းထက် ၃ ဒသမ ၆၇ ရာခိုင်နှုန်း ပိုများနေပေမယ့် လက်နက် ထုတ်လုပ်နိုင်တဲ့ အဆင့် ၉၀ ရာခိုင်နှုန်းထက်တော့ လျော့နည်းနေပါသေးတယ်။

မိမိတို့ရဲ့ နျူကလီးယား ရည်မှန်းချက်ဟာ အရပ်ဖက်သုံးအတွက် သီးသန့် ဖြစ်ပြီး ငြိမ်းချမ်းရေးအတွက် ဖြစ်တယ်လို့ အီရန်ဘက်ကပြောထားပါတယ်။

ငြိမ်းချမ်းရေးအတွက် ယူရေနီယံ ဆက်လက် သန့်စင် ထုတ်လုပ်ခွင့်ဟာ ညှိနှိုင်းစရာ မလိုတဲ့ကိစ္စ ဖြစ်တယ်လို့ အီရန်က ပြောပါတယ်။

ဒါပေမဲ့ ယူရေနီယံတွေကို ဘယ်လောက် သတ်မှတ်ချက်အတိုင်း သန့်စင်ရမလဲ၊ ဘယ်လောက် များများ ထုတ်လုပ်ခွင့်ရှိလဲ ဆိုတာကိုတော့ ယာယီ သဘောတူညီမှုနဲ့ ကန့်သတ်မှုတွေ လုပ်ဆောင်နိုင်တယ်လို့ အီရန်က ပြောပါတယ်။

အီရန်အနေနဲ့ နျူကလီးယား သဘောတူညီမှု မရယူဘူးဆိုရင် မကြုံစဖူးတိုက်ခိုက်မှုတွေနဲ့ ကြုံတွေ့ရလိမ့်မယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ် ထရန့်က ခြိမ်းခြောက်ထားပါတယ်။

Ref:AFP

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.