“ခါတိုင်းကတော့ အားလုံးက သတိထားနေကြတာပဲ။ ဒီကနေ့ကျမှ အမှုမဲ့ အမှတ်မဲ့ ဖြစ်သွားတာ။ ဒီစာသင်ကျောင်းကိုပဲ အတိအကျ တပတ်ပတ်ပြီး သေချာချိန်ပြီးတော့ ကြဲသွားတာ” – ဒီပဲယင်းဒေသခံတစ်ဦး
စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ် အိုးထိန်းတွင်းကျေးရွာ စာသင်ကျောင်းကို မေ ၁၂ ရက် မနက်ပိုင်းက စစ်ကောင်စီတပ်ရဲ့ လေကြောင်းဗုံးကြဲမှုကြောင့် သေဆုံးသူ ၂၂ ဦးအထိ ရှိလာပါတယ်။ သေဆုံးသူတွေထဲမှာ ကျောင်းသား/ကျောင်းသူ ၂၀ ဦးနဲ့ ကျောင်းဆရာမ နှစ်ဦး ပါဝင်ပြီး ထိခိုက်ဒဏ်ရာရတာကြောင့် အရေးပေါ်ကုသမှုခံယူနေရသူ ၄၀ နီးပါး ရှိနေပါတယ်။
ဒီတိုက်ခိုက်မှုဟာ စာသင်ကျောင်းပေါ်တည့်တည့် လေကြောင်းတိုက်ခိုက်မှုဖြစ်ပြီး အပြစ်မဲ့ ကျောင်းသူ/ကျောင်းသားတွေ အစုံလိုက်အပြုံလိုက် ထိခိုက်သေဆုံးခဲ့ရတာ ဖြစ်တယ်လို့ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ဆိုပါတယ်။
အိုးထိန်းတွင်း စာသင်ကျောင်း ဗုံးကြဲခံရမှု ဘယ်လိုဖြစ်ခဲ့တာလဲ။ အထိအခိုက် သေဆုံးမှု အခြေအနေကရော ဘယ်လိုရှိလဲ။ ဒဏ်ရာရ သေဆုံးသူတွေကို အကူအညီ ပေးနေမှုတွေအကြောင်းနဲ့ လေကြောင်းတိုက်ခိုက်မှုအန္တရာယ်အတွက် သတိထားရမယ့်အကြောင်းတွေကို ဒီပဲယင်းဒေသခံတစ်ဦးနဲ့ သံလွင်တိုင်းမ်က အခုလိုပဲ မေးမြန်းထားပါတယ်။
မေး – စာသင်ကျောင်း ဗုံးကြဲခံရတဲ့ အခြေအနေလေး ပြောပြပေးပါ။
ဖြေ – မိတ္တီလာ ရှမ်းတဲလေတပ်က ဂျက်ဖိုက်တာနဲ့ လာပြီး ကြဲသွားတာ။ ဗုံးကြဲသွားတာက ဒီကနေ့ (မေ ၁၂) မနက် ၉ နာရီလောက် ကြဲသွားတာ။ စာသင်ကျောင်းကိုပဲ ကြဲတာ။
စာသင်ကျောင်း တည့်တည့်ကို ကြဲသွားတာ။ ကလေးတွေ ထိတာများတယ်။ ဆရာမ၂ ဦး ဆုံးတယ်။ကျောင်းသား/ကျောင်းသူ ၂၀ ဦး စုစုပေါင်း ၂၂ ဦးနဲ့ ထိခိုက်ဒဏ်ရာ ၆၅ ဦး အဲဒါတွေ အခုအားလုံး ကူညီဆောင်ရွက်ပေးနေတာ။
မေး – အသက်အန္တရာယ် စိုးရိမ်ရတာ ဘယ်လောက်ရှိလဲ။
ဖြေ – မစိုးရိမ်ရတာက ၁၈ ဦး၊ စိုးရိမ်ရတာက ၁၀ ဦး၊ အရိုးအကြောနဲ့ ပက်သက်ပြီး သွားကုနေတာက ၃၀ ကျော်လောက် ကျမယ်။ ခြေပြတ်လက်ပြတ် ခွဲစိတ်ခန်းဝင်ရမှာတွေပေါ့။
မေး – လေကြောင်းဗုံးကြဲချိန်တုန်းက အစ်ကိုက ဒီနားတဝိုက်မှာပဲ ရှိနေတာလား။
ဖြေ – ကလေးတွေက စာသင်ကျောင်းထဲမှာ ရှိနေတဲ့အခါကျတော့ ဒလန်တွေ သတင်းပေးလို့ ထင်တာပဲ။ ခါတိုင်းကတော့ အားလုံးက သတိထားနေကြတာပဲ။
ဒီကနေ့ကျမှ အမှုမဲ့ အမှတ်မဲ့ ဖြစ်သွားတာ။ ဒလန်သတင်းပေးမှု ထင်တာပဲ။ ဒီစာသင်ကျောင်းကိုပဲ အတိအကျ တပတ်ပတ်ပြီး သေချာချိန်ပြီးတော့ ကြဲသွားတာ။
မေး – ဘေးနားပတ်ဝန်းကျင်မှာ ပျူစောထီး ရှိလို့လား။
ဖြေ – အဲဒီလို ပျူစောထီးတော့ မဟုတ်ဘူး။ အဲဒီဘက်တွေက ဒလန်သတင်းပေးတွေ တော်တော်များတယ်လို့ ကြားသိရတယ်။ တော်လှန်ရေးအင်အားလည်း များတယ်။ ဒလန်သတင်းပေးတွေလည်း များတယ်။
အဲဒီဘက်က တော်လှန်ရေးမှာ အစ ကနဉီးတည်းက တော်တော်အားကောင်းခဲ့တဲ့ ရွာတွေဆိုတော့ အဲဒီဘက်ကိုလည်း သူတို့တော်တော် တိုက်ခိုက်တယ်လို့ ထင်ရတာပါ။
မေး – လက်ရှိမှာ မြေပြင်စစ်ကြောင်းရော ရှိနေလား။
ဖြေ – မြေပြင်စစ်ကြောင်းတော့ မရှိဘူး။ မြေပြင်စစ်ကြောင်းလည်း မရှိတာကြာပြီ။ အခုဟာကျတော့ လေကြောင်းနဲ့ကို သက်သက် စာသင်ကျောင်းတွေကို လိုက်ကြဲတဲ့ အနေအထားတွေ တွေ့ရတယ်။
ဒီနေ့လည်း ထပ်ပြီး လေကြောင်းကနေ ဗုံးကြဲတယ်လို့ သတင်းတွေ တွေ့ရတယ်။
မေး – ထပ်ပြီး ဗုံးကြဲခံရတာ ဘယ်နေရာတွေ ဖြစ်မလဲ။
ဖြေ – ဒီဘက်မှာ ထပ်ကြဲတာ မတွေ့ရဘူး။ ချောင်းဦးတို့ သပိတ်ကျင်းတို့တော့ ကြဲတယ်လို့တော့ ကြားသိရတယ်။
မေး – ဗုံးကြဲတာ ဘာအမျိုးအစားနဲ့လဲ။ စက်လက်နက်နဲ့ ပစ်တာရောရှိလား။
ဖြေ – စက်လက်နက်နဲ့ ပစ်တာမရှိဘူး။ ပေါင် ၅၀၀ နဲ့တည့်တည့်ကို ကြဲသွားတာ။ ကျောင်းခေါင်မိုးပေါ်ကို တည့်တည့်ကျတာ။ ကလေးတွေကိုတော့ ထွက်ကြ ထွက်ကြလို့ ခိုင်းတယ်။ ပထမ လေယာဉ်က ဝဲနေတော့ ကလေးတွေကို အထဲထဲကို သွင်းတယ်။ အထဲထဲမှာ ရှိနေတယ်။
နောက်တခါကျ မရတော့ ပစ်တော့မယ်ဆိုတော့ ဆရာ/ဆရာမတွေက ထွက်ကြ ထွက်ကြလို့ ထွက်ခိုင်းလိုက်တဲ့ အနေအထားမျိုးမို့ ဒီလောက်ဒဏ်ရာရတာ။
မထွက်ခိုင်းဘူးဆိုရင်တော့ ကျောင်းထဲမှာ စာသင်တဲ့ ကျောင်းသူကျောင်းသားဦးရေ အကုန် ၃၀၀ လောက်ရှိတယ်။ အကုန်သေမှာ။ အခုကထွက်ပြေးကြလို့သာ ဒီကျောင်းထဲမှာ ကျန်နေတဲ့ ကလေးငယ်တွေလောက်ပဲ ဆုံးသွားတာပါ။
မေး – စာသင်ကျောင်းကဖွင့်တာကြာပြီလား။ NUG ပညာရေးကျောင်းပဲလား။
ဖြေ – ဟုတ်ကဲ့။ NUG ပညာရေးကျောင်းပဲ။ ကြားကာလ ပညာရေးကျောင်းပဲ။ နယ်မြေအခြေအနေအရ ဒီလို ဌာနတွေ ဖွင့်တာပေါ့။ကျောင်းဖွင့်ရက်မှာလည်း နယ်မြေအခြေအနေအရ ဖွင့်ချင်မှလည်း ဖွင့်ရတာ သူက နယ်မြေ အခြေအနေ အေးနေတယ်ဆိုပြီး ဖွင့်တဲ့သဘောမျိုးပေါ့။
မေး – မြေပြင်စစ်ကြောင်း မဝင်တာရော ရက်ခြားလား နှစ်နဲ့ချီကြာနေတာလား။
ဖြေ – နှစ်နဲ့ချီနေပြီ။ စစ်ကြောင်းမဝင်တာ နှစ်နှစ်လောက် ရှိနေပြီ။ အခုမှ သက်သက်မဲ့ လာချသွားတာ။
မေး – ပေါင် ၅၀၀ နဲ့ကြဲပြီး လေကြောင်းကနေ ဝဲတာမျိုးရော ရှိလား။
ဖြေ – အဲဒီလို မရှိတော့ဘူး။ တခါတည်း ကြဲပြီးတာနဲ့ တခါတည်း ပြန်ခေါက်သွားတာ။ ကြဲတဲ့အချိန်နဲ့ ပြန်ခေါက်တဲ့ချိန်က ခဏလေးပဲ။
မေး – လက်ရှိ အခြေအနေက ထိခိုက်ဒဏ်ရာရတဲ့သူတွေကို NUG အစီအစဉ်နဲ့ ကုသနေတာလား။ သက်ဆိုင်ရာ မြို့နယ်အစီအစဉ်နဲ့ ကုသနေတာလား။
ဖြေ – NUG အစီအစဉ်အရလည်း ပါတယ်။ ပညာရှင်တွေ အစီအစဉ်အရလည်း ကုသနေကြတာပေါ့။ NUG အနေနဲ့လည်း CDM လုပ်ထားတဲ့ စေတနာ့ဝန်ထမ်း ဆရာ/ဆရာမတွေက သူတို့ ဆောင်ရွက်ပေးနေကြတာပေါ့။ အခုအချိန်ထိပါပဲ။ အခုအချိန်ထိလည်း သူတို့ ပင်ပင်ပန်းပန်းနဲ့ မနားမနေ လုပ်နေကြတာပါ။
မေး – အခုလိုအပ်ချက်က ဘာတွေဖြစ်မလဲ။
ဖြေ – လိုအပ်ချက်တွေက ဆေးဝါးတွေလိုမယ်။ ခွဲစိတ်ရတာဖြစ်တဲ့အတွက် ခွဲစိတ်ရတဲ့ဆေးဝါးတွေ လိုမယ်။ ပတ်တီးတွေ ဘာတွေ သူတို့လိုမယ်။ စားဝတ်နေရေးတွေ သူတို့လိုမယ်။ ကုရတာလည်း ကိုယ့်ဌာနမဟုတ်တော့ လုံခြုံစိတ်ချရတဲ့ နေရာကုရတာတော့ အဲဒီနေရာမှာ စားဝတ်နေရေးအတွက် လိုမှာပေါ့။ အလှူရှင်တွေကတော့ ထမင်းထုပ်တွေ လာပေးတယ်။
မေး – အခု ဖြစ်စဉ်နဲ့ပတ်သက်ပြီး တခြားဒေသက တော်လှန်ရေးနယ်မြေစိုးမိုးတဲ့ ဒေသက ပြည်သူတွေကို ကိုယ့်အတွေ့အကြုံ မျှဝေပေးပါဦး။
ဖြေ – တခြားက ပြောချင်တာပေါ့။ ဒီ ကြားကာလမှာဆိုတော့ ကလေးသူငယ်တွေကို စာမသင်လို့လည်း မဖြစ်ဘူး။ စာကတော့ လုံးဝသင်ပေးရမှာပဲ။ ဘယ်လို လုံခြုံစိတ်ချရအောင် သင်ရမလဲဆိုတာတော့ သတိကြီးကြီးထား သင်ပေးရမှာ ဖြစ်တာပေါ့။
လေကြောင်းအန္တရာယ် ဘယ်လိုကာကွယ်နိုင်မလဲ။ နောက်ပြီး လေကြောင်းအန္တရာယ်လာတဲ့အခါ ကြိုတင်သိရှိနိုင်အောင် ဆက်သွယ်ရေး Contact တွေလည်း အမြဲမပြတ် လုပ်ထားဖို့ လိုတယ်လို့ အကြံပေးချင်ပါတယ်။
ဘာဖြစ်လဲဆိုတော့ အခုဖြစ်သွားတဲ့ အနေအထားမှာ ဝေဟင်သတင်းတွေ ဖြန့်နေတဲ့ ဆက်သွယ်ရေးလမ်းကြောင်းတွေ ရှိတယ်။ အဲဒီလမ်းကြောင်းတွေ ICON လေးတွေ ဆောင်ထားမယ်ဆိုရင် စနစ်တကျ သုံးစွဲမယ်ဆိုရင်တော့ လေကြောင်းက ဘယ်နေရာ ဘယ်နေရာ လာနေပြီဆိုတာ သတင်းပေးနေတာတွေ အများကြီးရှိပါတယ်။
အဲဒီ ဆက်သွယ်ရေးတွေ ကောင်းကောင်းမွန်မွန်လုပ်ပြီး လုံခြုံစိတ်ချရအောင် ဗုံးခိုကျင်းလေးတွေ တူးပြီးတော့ စာသင်ပေးကြပါလို့ပဲ တိုက်တွန်းချင်ပါတယ်။ ကိုယ့်ဆီမှာ အေးနေတယ်ဆိုပြီး သတိလက်လွတ် မနေကြဖို့ပေါ့။
ဒီရွာဖြစ်သွားတဲ့ ဖြစ်စဉ်မှာလည်း မြေပြင်စစ်ကြောင်းတော့ မရှိတော့ဘူး။ စာသင်လို့ရတယ်ဆိုတဲ့ အနေအထားနဲ့ သူတို့ အေးအေးဆေးဆေး သင်နေတယ်။ သင်ကာစကတော့ လေကြောင်း အန္တရာယ်တွေ ကာကွယ်နိုင်အောင်ဆိုပြီး သတင်း အချက်အလက်လေးတွေ လုံခြုံမှု ယူပြီး သူတို့ စာသင်ကြတယ်။
အခုဖြစ်သွားတဲ့ နေ့ရက်မှာတော့ အဲဒီသတင်းအချက်အလက်ကို သတိလက်လွတ်ဖြစ်ပြီးတော့ သူတို့ ဆက်သွယ်ရေး မရလိုက်ဘဲနဲ့ ဖြစ်သွားတာပေါ့။ တခြားရွာတွေကတော့ ဝေဟင်လာတယ်ဆိုတာနဲ့ ကလေးတွေကို သတင်းရတာနဲ့ တခါတည်း လုံခြုံစိတ်ချတဲ့ နေရာမှာ ကြိုတင်ပို့နိုင်တယ်။ အဲဒီရွာမှာ သတိလက်လွတ်ဖြစ်သွားလို့ အဲဒီလိုဖြစ်သွားတယ်လို့ ကျွန်တော်တို့ ယူဆတယ်။
ဒါကြောင့်မို့ စာကတော့ မသင်လို့မရဘူး။ သင်ရမှာ။ ကြားကာလ ပညာရေးမှာ အမှောင်ကျသွားမယ်။ စာသင်ရမယ်။ သတိအကြီးကြီးထားပြီး သင်ရမယ်။ ဆက်သွယ်ရေးတွေ ချိတ်ဆက်ပြီးတော့ စောင့်ကြည့်ပြီး သင်ကြားပေးဖို့က ဗုံးခိုကျင်း လုပ်ပြီး လုံခြုံစိတ်ချစွာ လုပ်ပြီး သင်ကြားပေးဖို့ အကြံပြုချင်ပါတယ်။
သံလွင်တိုင်းမ်