နောင်ချို၊ မေ ၁၃

တအာင်းအမျိုးသားလွတ် မြောက်ရေးတပ်မတော် TNLA ထိန်းချုပ်ထားတဲ့ နောင်ချိုမြို့နဲ့ မိုင်းငေါ့မြို့မှာ တိုက်ပွဲမရှိဘဲ စစ်ကောင်စီဘက်က လက်နက်ကြီးနဲ့လေကြောင်းတိုက်ခိုက်မှု ဆက်လက်လုပ် ဆောင်နေတယ်လို့ TNLA က မေ ၁၂ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

ပြီးခဲ့တဲ့ မေလ ၁၁ ရက် နေ့လည် ၂ နာရီအချိန်ခန့်မှာ စစ်ကောင်စီတပ်ဟာ တိုက်ပွဲမရှိဘဲ နောင်ချိုမြို့နယ်ရှိ တအာင်းတပ်မတော် PSLF/TNLA ရှိရာ ယာပြင်ကျေးရွာအနီးတဝိုက်ကို လက်နက်ကြီးနဲ့ လေးကြိမ် ပစ်ခတ်တိုက်ခိုက်ခဲ့တာပါ။

အလားတူ မေ ၁၂ ရက်နေ့ ည ၇ နာရီခွဲအချိန်ခန့်မှာလည်း မိုင်းငေါ့မြို့ တာလုံရပ်ကွက်ရှိ စာသင် ကျောင်းအနီးကို စစ်ကောင်စီက ဂျက်ဖိုက်တာ လေယာဉ်နဲ့ ဗုံးသုံးလုံး လာရောက်ကြဲချ တိုက်ခိုက်ခဲ့တယ်လို့ TNLA က ဆိုပါတယ်။

ညီနောင်မဟာမိတ်သုံးဖွဲ့မှ ငလျင်ဒဏ်သင့်ပြည်သူတွေကို လူသားချင်းစာနာမှု အကူအညီတွေ ဆက်လက်ဆောင်ရွက်နိုင်ရေးအတွက် တိုက်ပွဲဖြစ်ပွားနေတဲ့ နေရာတွေမှာ ထိုးစစ်တွေကို ပြုလုပ်မှာမဟုတ်ဘဲ တစ်ဖက်သတ် အပစ်ရပ်ကာလအား နောက်ထပ်တစ်လ သက်တမ်းထပ်တိုးထားတယ်လို့ ထုတ်ပြန်ကြေညာထားပါတယ်။

တစ်ဖက်မှာလည်း စစ်ကောင်စီတပ်ဟာ မေ ၆ ရက်နေ့မှ ၃၁ ရက်နေ့အထိ အပစ်ခတ်ရပ်စဲရေး သက်တမ်းတစ်လ ထပ်တိုးထားပေမယ့် တအာင်းပြည်မှာ မြေပြင်ထိုးစစ်ဆင်တာ၊ လက်နက်ကြီးပစ်ခတ်တာ၊ ဒရုန်းနဲ့လေကြောင်းနဲ့ နေ့စဉ် ပစ်ခတ်တိုက်ခိုက်နေပါတယ်။

ဒါကြောင့် မိဘပြည်သူတွေအနေနဲ့ စစ်ကောင်စီရဲ့ ပစ်ခတ်တိုက်ခိုက်မှုတွေ နေ့စဉ်ရှိနေတာကြောင့် လေကြောင်း၊ ဒရုန်း၊ လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်မှုရန်မှ ရှောင်ရှားနိုင်ဖို့ စစ်ရေးသတိအမြဲရှိကြဖို့ တိုက်တွန်းထားပါတယ်။

ပြီးခဲ့တဲ့ မေ ၁၀ ရက်နေ့ကလည်း နောင်ချိုမြို့ ဘူတာရပ်ကွက်မှာ စစ်ကောင်စီရဲ့ လေကြောင်း ဗုံးကြဲတိုက်ခိုက်မှုကြောင့် နေအိမ်သုံးလုံးနဲ့ ကားတစ်စီးပျက်စီးခဲ့တယ်လို့ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – TNLA

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.