နယူးဒေလီ၊ မေ ၁၃
အနာဂတ်မှာ အကြမ်းဖက်တိုက်ခိုက်မှု တစ်ခုခု ဖြစ်လာခဲ့ရင် အားကောင်းကောင်းနဲ့ တုံ့ပြန်သွားမှာ ဖြစ်ကြောင်း အိန္ဒိယဝန်ကြီးချုပ် နရန်ဒရာ မိုဒီက မေ ၁၂ ရက်မှာ ကြွေးကြော်လိုက်ပါတယ်။
နောင်တချိန် ပါကစ္စတန်နဲ့ ပဋိပက္ခ ဖြစ်ပွားခဲ့မယ်ဆိုရင် နယူးဒေလီ အနေနဲ့ နျူကလီးယား အကြပ်ကိုင်မှုကို သည်းခံနေမှာ မဟုတ်ဘူးလို့လည်း ဝန်ကြီးချုပ် မိုဒီက သတိပေးထားပါတယ်။

နျူကလီးယား လက်နက် ပိုင်ဆိုင်ထားတဲ့ အိမ်နီးချင်း နှစ်နိုင်ငံကြား ၁၉၉၉ ခုနှစ် နောက်ပိုင်း အဆိုးရွားဆုံး တိုက်ခိုက်မှုအဖြစ် တိုက်လေယာဉ်တွေ၊ ဒုံးကျည်တွေ၊ ဒရုန်းတွေ၊ လက်နက်ကြီးတွေနဲ့ လေးရက်ကြာ ပြင်းပြင်းထန်ထန် တိုက်ခိုက်ခဲ့ကြပါတယ်။
အမေရိကန်သမ္မတ ဒေါ်နယ် ထရန့်က သူကြားဝင်ညှိနှိုင်းပေးခဲ့တယ်ဆိုတဲ့ သီတင်းတစ်ပတ်ကြာ အပစ်အခတ် ရပ်စဲမှုဟာ မေ ၁၂ ရက်အထိတော့ စောင့်ထိန်းလိုက်နာမှု ရှိကြပုံ ပေါ်ပါတယ်။
အမေရိကန်ရဲ့ ကြားဝင် ဖြေရှင်းပေးမှုကြောင့် ဆိုးရွားတဲ့ နျူကလီးယား စစ်ပွဲတစ်ပွဲကို ကြိုတင် ကာကွယ်နိုင်ခဲ့တယ်လို့ သမ္မတ ထရန့်က မေ ၁၂ ရက်မှာ ပြောပါတယ်။

လူသန်းပေါင်းများစွာ သေဆုံးနိုင်တဲ့ နျူကလီးယားစစ်ပွဲ တစ်ပွဲကို မိမိတို့ တားဆီးပေးနိုင်ခဲ့တဲ့အတွက် မိမိအနေနဲ့ ဂုဏ်ယူမိကြောင်း ထရန့်က အိမ်ဖြူတော်မှာ သတင်းထောက်တွေကို ပြောပါတယ်။
ပါကစ္စတန်က အကြမ်းဖက်သမားတွေကို နှိမ်နှင်းဖို့ မကူညီဘဲ မိမိတို့ကို တိုက်ခိုက်ဖို့ပဲ ရွေးချယ်ခဲ့တယ်လို့ မိုဒီက ရုပ်သံက ထုတ်လွှင့်တဲ့ နိုင်ငံတော်မိန့်ခွန်းမှာ ပြောကြားပါတယ်။
အိန္ဒိယ အုပ်ချုပ်တဲ့ ကက်ရှ်မီးယားဒေသမှာ ဧပြီ ၂၂ ရက်က အရပ်သား ၂၆ ဦး သေဆုံးခဲ့တဲ့ အကြမ်းဖက်တိုက်ခိုက်မှု ဖြစ်ပြီးနောက် အိန္ဒိယက ပါကစ္စတန်နိုင်ငံထဲရှိ အကြမ်းဖက်သမားတွေရဲ့ ပစ်မှတ်လို့ ဆိုတဲ့ နေရာတွေကို တိုက်ခိုက်ခဲ့ပါတယ်။
အိန္ဒိယ တိုက်လေယာဉ်တွေကို ပစ်ချနိုင်ခဲ့တယ်လို့ ပါကစ္စတန်က ပြောပေမယ့် မိမိတို့ လေယာဉ်မှူးများ အားလုံး ပြန်လည် ရောက်ရှိလာပြီ ဖြစ်တယ်လို့ အိန္ဒိယက တုံ့ပြန်ထားပါတယ်။
ဧပြီ ၂၂ ရက် တိုက်ခိုက်မှုမှာ အိန္ဒိယ စွပ်စွဲသလို မိမိတို့ ပါဝင် ပတ်သက်မှု မရှိကြောင်းနဲ့ အမှီအခိုကင်းတဲ့ စုံစမ်း စစ်ဆေးမှု လုပ်ဖို့ ပါကစ္စတန်က ပြောခဲ့ပါတယ်။
အိန္ဒိယက လက်သင့်မခံဘဲ တိုက်ခိုက်ခဲ့တာကြောင့် ပါကစ္စတန်ကလည်း ပြန်လည် တိုက်ခိုက်ခဲ့ပါတယ်။
မိမိတို့ရဲ့ စစ်ဆင်ရေး အောင်မြင်တယ်လို့ ပါကစ္စတန် ဝန်ကြီးချုပ် မိုဟာမက် ရှီဘတ်စ် ရှရစ်ဖ်က မေ ၁၃ ရက်မှာ ကြေညာပါတယ်။
အဲဒီလို အောင်မြင်မှုကိုလည်း နှစ်စဉ် မေလ ၁၀ ရက်ရောက်တိုင်း အောင်ပွဲခံ ပွဲကျင်းပ သွားမှာ ဖြစ်တယ်လို့ ဝန်ကြီးချုပ်က ပြောဆိုထားတာ ဖြစ်ပါတယ်။
Ref:AFP