မော်လမြိုင် ၊ မေ ၁၃
မြေပြင်တိုက်ပွဲတွေမှာ အင်အားပြုန်းတီးမှုကို ဆက်လက်ရင်ဆိုင်နေရတဲ့ စစ်ကောင်စီဟာ မွန်ပြည် နယ်မှာ လာမယ့်စစ်မှုထမ်းသင်တန်း အပတ်စဉ် ၁၃ အတွက် လူငယ်တွေကို အတင်းအဓမ္မ ဖမ်းဆီးပြီး စစ်သားစုဆောင်းမှုတွေ အရှိန်မြင့်လုပ်ဆောင်လာတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။
ပြည်နယ်စစ်ကောင်စီဟာ ညပိုင်းအချိန်တွေမှာ အပြင်ထွက်တဲ့လူငယ်တွေကို အတင်းအဓမ္မဖမ်း ဆီးတာ၊ မူးယစ်ဆေးဝါး သုံးစွဲတဲ့လူငယ်တွေကို ဖမ်းဆီးတာ၊ အမျိုးသားနှစ်ယောက် ဆိုင်ကယ်မစီးရ သတ်မှတ်ထားတဲ့ ဒေသတွေမှာ ဒေသန္တရအမိန်ဖောက်ဖျက်တဲ့သူတွေကို တစ်ခါတည်း ဖမ်းဆီးပြီး တပ်သားသစ် စုဆောင်းနေတာပါ။
ဒါ့အပြင် စစ်ကောင်စီရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့တွေက လူစာထိုးအငှား ခေါ်ယူဖို့အတွက် ငွေကြေးမပေးဆောင်သူတွေကို ဆင့်ခေါ်ပြီး တပ်သားသစ် စုဆောင်းတာအပြင် ခိုးဆိုးလုယက်မှု ကျူးလွန်သူတွေကိုလည်း ခြိမ်းခြောက်ပြီး တပ်သားသစ် စုဆောင်းနေတာ ဖြစ်ပါတယ်။
ဘီးလင်း ဒေသခံတစ်ဦးကတော့ တပ်သားသစ် စုဆောင်းတဲ့နေရာမှာ မူးယစ်ဆေးဝါး သုံးစွဲသူတွေ၊ အခြားပြစ်မှုတွေကြောင့် အချုပ်ထဲရောက်သူတွေအပြင် ညပိုင်းအပြင်ထွက် သွားလာသူတွေကိုလည်း ဖမ်းဆီးပြီး စစ်သားစုဆောင်းနေတယ်လို့ ပြောပါတယ်။
“ဆေးသမားတွေရန်ဖြစ်ကြရင် အချုပ်ထဲရောက်တယ်။ အချုပ်ထဲကနေ စစ်မှုထမ်းထဲ ထည့်ပစ် လိုက်တယ်။ ကစားဝိုင်းမိလို့ ရှိရင် စစ်မှုထမ်းထဲ ထည့်လိုက်တယ်။ ညပိုင်း ကင်းလှည့်လို့ လမ်းမှာတွေ့ရင်လည်းဖမ်းပြီး စစ်မှုထမ်းထည့်လိုက်တာပဲ” လို့ ဆိုပါတယ်။
ဒေသတွင်းမှာ ခိုးဆိုးလုယက်သူတွေကိုလည်း ဖမ်းဆီးရမိပါက စစ်မှုထမ်းသင်တန်းတက်ရောက်ရင် ပြစ်ဒဏ်ကင်းလွတ်ခွင့် ပေးမယ်လို့ဆိုကာ စစ်သားစုဆောင်းမှုရှိသလို တချို့တွေကိုတော့ တစ်ခါ တည်း စစ်မှုထမ်းသင်တန်း တန်းပို့ဆောင်တာတွေ ရှိနေပါတယ်။
ကျိုက်ထိုဒေသခံတစ်ဦးကလည်း အခုနောက်ပိုင်း စစ်ကောင်စီရဲ့ စစ်မှုထမ်းစုဆောင်းမှုတွေဟာ လူငယ်တွေကို အပြစ်ရှာပြီး စစ်မှုထမ်းသင်တန်းတွေထံ ပို့ဆောင်နေတာ အများဆုံးတွေ့ရှိလာတယ်လို့ ပြောပါတယ်။
“တိတ်တဆိတ်လေးတော့ ကောက်တာရှိတယ်။ နောက်တစ်ခုက လမ်းမှာတွေ့ရင် လစ်ရင် အလစ် သုတ်တယ်။ ခိုးဆိုးလုယက်တို့ ချဲတို့ လောင်းကစားတို့ အဲဒီပုံစံမျိုးတွေ အပြစ်ရှာပြီးတော့ ဖမ်းဆီးတယ်။ ဖမ်းပြီးအချုပ်ထဲ ထည့်လိုက်တယ်။ ပြီးရင်ဒီအမှုကို ဖျောက်လိုက်တာပေါ့။ စစ်မှုထမ်းထဲ ထည့်ပစ်လိုက်တယ်ပေါ့” လို့ ဆိုပါတယ်။
စစ်ကောင်စီက စစ်မှုထမ်းသင်တန်းအတွက် လူငယ်တွေကို အတင်းအဓမ္မ စုဆောင်းနေတာကြောင့် ညဘက်တွေမှာအပြင် မထွက်ရဲကြတော့သလို တချို့ လူငယ်တွေဟာ နေရပ်စွန့်ခွာကာ တဖက်နိုင်ငံတွေမှာ အလုပ်လုပ်မှု သိသိသာသာ များလာတယ်လို့ သူက ဆက်ပြောပါတယ်။
မွန်ပြည်လူ့အခွင့်အရေးဖောင်ဒေးရှင်း ပရိုဂရမ် ဒါရိုက်တာနိုင်အဲမွန်ကတော့ လူငယ်တွေကို အတင်း အကျပ် စစ်မှုထမ်းခိုင်းတာဟာ လူ့အခွင့်အရေး ချိုးဖောက်တာဖြစ်ပြီး လူငယ်တွေကို သတ်ကွင်းထဲ အတင်းပို့တာဟာ လူသားမျိုးနွယ်စုအပေါ် ရာဇဝတ်မှု ကျူးလွန်တာဖြစ်တယ်လို့ ပြောပါတယ်။
“စစ်အုပ်စုရဲ့ အတင်းအကျပ် စစ်မှုထမ်းစေခိုင်းနေချင်ဟာ အဓမ္မလုပ်အား စေခိုင်းခြင်းနဲ့ တခြားသော လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ကျူးလွန်နေတဲ့အပြင် စစ်ရေးစစ်ရာ ကာကွယ်ရေး ပ ညာရပ်တွေနဲ့ လက်ပွန်းတတီးမရှိတဲ့ လူငယ်တွေကို လူသားဒိုင်းသဖွယ် သတ်ကွင်းထဲ အတင်းပို့နေတဲ့အတွက် လူသားမျိုးနွယ်စုအပေါ် ကျူးလွန်တဲ့ရာဇဝတ်မှုမြောက်တယ်လို့ ကျွန်တော်တို့အမြဲ တမ်း ပြောဖြစ်ပါတယ်။ ဒီဟာက တကယ်ကို မြောက်နေပါတယ်” လို့ ပြောပါတယ်။
တဖက်မှာ စစ်ကောင်စီဟာ နိုင်ငံအနှံ့ တိုက်ပွဲတွေကြား သူတို့ရဲ့ လက်အောက်ခံ တပ်သားတွေ ထိ ခိုက်သေဆုံးမှု မြင့်တက်နေတဲ့အတွက် ပြည်သူ့စစ်မှုထမ်းဥပဒေကို ပြန်လည် အသက်သွင်းပြီးနောက် မွန်ပြည်နယ်မှာ စစ်မှုထမ်းသင်တန်းတွေကို လစဉ် ဖွင့်လှစ်နေတာပါ။
စစ်ကောင်စီက စစ်မှုထမ်းဖို့အတွက် အသက်အရွယ် မပြည့်သေးသူတွေကို စစ်မှုထမ်း မခေါ်ယူဖို့ ပြောဆိုနေပေမယ့် ဒေသတွင်းမှာတော့ အသက်မပြည့်သေးတဲ့ လူငယ်တွေအပြင် ကျန်းမာရေး မကောင်းတဲ့ လူငယ်တွေကိုပါ တပ်သားသစ် စုဆောင်းတာတွေ ရှိနေပါတယ်။
သံလွင်တိုင်းမ်က ပြုစုထားတဲ့ အချက်အလက်တွေအရ မွန်ပြည်နယ်မှာ စစ်ကောင်စီရဲ့ ပြည်သူ့စစ်မှုထမ်း သင်တန်း အပတ်စဉ် ၁ ကနေ အပတ်စဉ် ၁၂ အထိ ဒေသတွင်းက လူငယ် ၂၁၀၀ ထက်မနည်း စစ်သားစုဆောင်းခံထားရပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-SAC Telegram