နေပြည်တော် ၊ မေ ၁၃

လာမယ့် ဒီဇင်ဘာမှာ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကျင်းပမယ်လို့ ကြေညာထားတဲ့ စစ်ကောင်စီက လက်ရှိမှာ စွန့်လွှတ်နယ်မြေတွေ ရှိနေပေမယ့် သံတမန်ရေး၊ နိုင်ငံရေး၊ စစ်ရေးစတဲ့ ကဏ္ဍတွေမှာ ကြိုတင်ပြင်ဆင်လာနေပါတယ်။

တရုတ်အပါအဝင် နိုင်ငံ့ခေါင်းဆောင် တချို့နဲ့ ရုရှားခရီးစဉ်မှာ တွေ့ဆုံခွင့်ရခဲ့ပြီး ကျင်းပမယ့် ရွေး ကောက်ပွဲကို ထောက်ခံအားပေးကြောင်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က နိုင်ငံပိုင်မီဒီယာတွေကို ပြောပါတယ်။

စစ်ခေါင်းဆောင်အနေနဲ့ ပါတီစုံဒီမိုကရေစီစနစ်ကို သွားဖို့ လက်ခံပြီး လွတ်လပ်တရားမျှတတဲ့ ရွေး ကောက်ပွဲကို အခုနှစ်ကုန်ပိုင်းမှာ ဆောင်ရွက်မယ့်အကြောင်း ရှင်းပြချက်အပေါ် အားလုံးက ထောက်ခံအားပေးမှုရှိတယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း ရုရှားနိုင်ငံမှာ ကျင်းပခဲ့တဲ့ ရင်ပြင်နီချီတက်ပွဲအခမ်းအနားကို စစ်ခေါင်းဆောင် တက်ရောက်ခဲ့ပြီး တရုတ်သမ္မတ ရှီကျင့်ဖျင်အပါအဝင် ကာဇက်စတန် သမ္မတတို့နဲ့ သီးခြားစီ တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ စစ်ကောင်စီက သတင်းထုတ်ပြန်ထားတာပါ။

ရွေးကောက်ပွဲကျင်းပမယ့်အချိန်မှာလည်း နိုင်ငံတကာက လေ့လာစောင့်ကြည့်ရေးအဖွဲ့တွေကို ဖိတ်ကြားနိုင်ဖို့ စီစဉ်နေသလို ရွေးကောက်ပွဲဆိုင်ရာ ကြိုတင်ပြင်ဆင်မှုတွေကို တရုတ်သမ္မတက အားပေးထောက်ခံတယ်လို့ စစ်ခေါင်းဆောင်က ဆိုပါတယ်။

CDM ဗိုလ်ကြီး ဇင်ယော်က စစ်ကောင်စီအနေနဲ့ ရွေးကောက်ပွဲလုပ်ဖို့ စွန့်လွှတ်နယ်မြေတွေကို ရသလောက် ပြန်ထိန်းချုပ်ဖို့ စစ်ရေးအရှိန်မြှင့်မယ့် အနေအထားမျိုး ရှိတဲ့အတွက် မရရအောင် လုပ်မယ့်ပုံစံမျိုးလို့ သုံးသပ်ပါတယ်။

“သူ့အနေနဲ့ ရွေးကောက်ပွဲလုပ်မယ်ဆိုရင် စွန့်လွှတ်ပြီးနယ်မြေတွေကို ရသလောက်ပြန်ပြီးတော့ ထိန်းချုပ်သိမ်းပိုက်နိုင်မှသာ လုပ်လို့ရမယ့်အနေအထား။ ဒီထက်ပိုပြီး စစ်ရေးအရှိန်မြှင့်ရမယ့် အနေ အထားမျိုးပေါ့။ ပြီးရင် ကိုးကန့်ထိန်းချုပ်ထားတဲ့ နယ်မြေတွေမှာလည်း ရွေး‌ကောက်ပွဲလုပ်ခွင့်ရဖို့ တရုတ်ကို အပူကပ်နေတယ်လို့ သိရတယ်ခင်ဗျ။ ရွေးကောက်ပွဲကို ဟန်ပြပုံစံမျိုးနဲ့ လုပ်ပြီးတော့ သူတို့ ရှောင်ထွက်သွားမယ့် ပုံစံမျိုးပေါ့။ နိုင်ငံတကာ ထောက်ခံမှုမရှိပေမယ့်လည်း ရုရှား၊တရုတ်နဲ့မိတ်ဖက်နိုင်ငံတွေရဲ့ မျက်နှာသာပေးမှုနဲ့ပဲ မရ ရအောင်တော့ လုပ်သွားမယ့် ပုံစံမျိုးတော့ရှိတယ်” လို့ ပြောပါတယ်။

လွတ်လပ်တဲ့ သုတေသနအဖွဲ့အစည်းတွေရဲ့ အချက်အလက်တွေအရ နိုင်ငံတဝန်း မြို့နယ်ပေါင်း ၃၃၀ ရှိတဲ့ထဲက ၂၄၀ မြို့နယ်မှာ တိုက်ပွဲတွေရှိနေတာကြောင့် စစ်ရေးပဋိပက္ခဖြစ်စဉ်တွေ မရှိသေးတဲ့ အရေအတွက်ဟာ ၉၀ မြို့နယ်သာ ကျန်ရှိပါတယ်။

ဒီအခြေအနေမှာ စစ်အာဏာရှင်စနစ်အမြစ်ပြတ်ရေး တိုက်ပွဲတွေကို ရင်ဆိုင်နေရတဲ့ စစ်ကောင်စီအနေနဲ့ စိုးမိုးနယ်မြေတွေ ဆုံးရှုံးမှု များပြားနေပြီး မြို့ပေါင်း ၉၆ မြို့ကို တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ တော်လှန်ရေးအဖွဲ့တွေက သိမ်းပိုက်ထိန်းချုပ်ထားတာပါ။

ဒါကြောင့် လုံခြုံရေးအခြေအနေအရ နယ်မြေဒေသပေါ်မူတည်ပြီး လာမယ့် ဒီဇင်ဘာနဲ့ ဇန်နဝါရီမှာ တစ်လအတွင်း ရွေးကောက်ပွဲလုပ်လို့ရတဲ့ မြို့နယ်တွေမှာ အပိုင်းလိုက် ကျင်းပပြီးစီးဖို့ စစ်‌ကောင်စီက လျာထားတာ ဖြစ်ပါတယ်။

မွန်ပြည် လူ့အခွင့်အရေးဖောင်ဒေးရှင်း ပရိုဂရမ် ဒါရိုက်တာ နိုင်အဲမွန်က အပိုင်းလိုက်ကျင်းပမယ့် ရွေးကောက်ပွဲမှာ မဲပေးစက်နဲ့ အသုံးပြုတာဖြစ်လို့ မဲမသမာမှုဖြစ်ဖို့ လွယ်ကူတယ်လို့ သုံးသပ်ပါတယ်။

“ရွေးကောက်ပွဲ နယ်မြေအနေအထားကို ပြန်ကြည့်မယ်ဆိုရင် ကျွန်တော်တို့ သိတဲ့အတိုင်း တစ်နိုင်ငံလုံး ရွေးကောက်ပွဲ တပြိုင်နက်လုပ်ဖို့ဆိုတာက ဘယ်လိုမှ မဖြစ်နိုင်ဘူး။ အဲဒါကြောင့် အပိုင်းလိုက်ကျင်းပမယ်လို့ စစ်ခေါင်းဆောင်က ပြောထားတဲ့အတွက် ဒါက ပိုပြီးတော့ မသမာမှုကိုဖြစ်ဖို့ လွယ် ကူလိမ့်မယ်လို့ ကျွန်တော်တို့ တွက်ဆထားတယ်။ သူတို့သုံးတဲ့ ဒီဂျစ်တယ်နည်းပညာတွေကလည်း ပြောရမယ်ဆိုရင် ကုလားဖန်ထိုးဖို့ (လိုရာအကွက်ဆင်ခြင်း) အင်မတန်လွယ်တဲ့ နည်းပညာတွေ ဖြစ်နေတယ်ဆိုတာ တွေ့ရတယ်” လို့ ဆိုပါတယ်။

ရွေးကောက်ပွဲအတွက် အီလက်ထရောနစ် မဲပေးစက်နဲ့ လက်တွေ့စမ်းသပ် မဲပေးမှုတွေကို ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်နေတယ်လို့ ရွေးကောက်ပွဲကော်မရှင် ဥက္ကဌ ဦးကိုကိုက မေ ၉ ရက်နေ့ အစည်းအဝေးမှာ ပြောသွားခဲ့တာပါ။

မဲပေးစက်တွေကို အသုံးချနိုင်ဖို့ ရုပ်ဝတ္ထုနဲ့ လူသားအရင်းအမြစ်တွေ၊လမ်းပန်းဆက်သွယ်ရေးနဲ့ သယ်ယူပို့ဆောင်ရေးတွေ လိုအပ်တာကြောင့် တိုင်းနဲ့ ပြည်နယ်အစိုးရအဖွဲ့တွေရဲ့ ကူညီပူးပေါင်းမှ အောင်မြင်မယ်လို့ ဆိုပါတယ်။

တစ်ဘက်မှာ ပါတီတည်ထောင်ခြင်းနဲ့ မှတ်ပုံတင်ခြင်းလုပ်ငန်းတွေကို မေ ၉ ရက်နေ့မှာ ပိတ်သိမ်းလိုက်ပြီး လျှောက်ထားတဲ့ပါတီတွေကို စိစစ်နေတယ်လို့ စစ်ကောင်စီခန့် ပြည်ထောင်စု ရွေးကောက် ပွဲကော်မရှင်က အသိပေးထုတ်ပြန်ပါတယ်။

နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေအရ နိုင်ငံရေးပါတီအဖြစ် တည်ထောင်ခွင့်၊ ဆက်လက်တည်ထောင်ခွင့်နဲ့ မှတ်ပုံတင်ခွင့်တွေအတွက် လျှောက်ထားတဲ့ ပါတီတွေ ဆယ်နဲ့ချီရှိနေပြီး လက်ရှိအထိ ရွေးကောက်ပွဲဝင်ပြိုင်မယ့် နိုင်ငံရေးပါတီ ၇၆ ပါတီရှိနေတာပါ။

ဒါပေမယ့် မှတ်ပုံတင်ခွင့်ရထားတဲ့ ပါတီတွေဟာ ရွေးကောက်ပွဲဆိုင်ရာ မဲဆွယ်စည်းရုံးရေးအတွက် ကော်မရှင်ဘက်က ညွန်ကြားလာတာမရှိသေးဘူးလို့ မွန်တိုးတက်ရေးပါတီ ခေါင်းဆောင်တစ်ဦးက ပြောပါတယ်။

“လောလောဆယ်ကတော့ UEC ဘက်က ဘာမှညွန်ကြားလာတာ မရှိသေးဘူး‌လေ။ ကျွန်တော်ထင်ပါတယ်။ ၈ လပိုင်းလောက်မှ ထွက်မယ်လို့ ထင်တာပဲလေ။ ၆ လတစ်ကြိမ် ပြီးသွားပြီ (အရေးပေါ်ကာလသက်တမ်းတိုး) အင်တိုက်အားတိုက် ပြီးခဲ့တဲ့ UEC နဲ့ တွေ့ဆုံပွဲမှာ ဒီမေးခွန်းကို မေးခဲ့တယ်။ သူတို့ အကုန်လုံးက အဆင်သင့်ပြင်ဆင်နေပါတယ် မထုတ်ပြန်ရသေးဘူးပေါ့။ အဲဒီလိုပဲ အကြောင်း ကြားပါတယ်” လို့ ဆိုပါတယ်။

လက်ရှိ အ‌ရေးပေါ်သက်တမ်း ၆ လဟာ နိုင်ငံတွင်း ဖြစ်ပျက်နေတဲ့ အခြေအနေတွေအပါအဝင် ရွေးကောက်ပွဲကျင်းပဖို့ အရှိန်အဟုန်မပျက် ဆက်လက်လုပ်ဆောင်နိုင်ရေး တိုးယူထားတာဖြစ်ပြီး လာမယ့် ဇူလိုင် ၃၁ ရက်နေ့မှာ ကုန်ဆုံးတော့မှာပါ။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့မှာ စစ်တပ်က နိုင်ငံကို အရေးပေါ်အခြေအနေအဖြစ် ကြေညာခဲ့ပြီး စစ်ကောင်စီကို ဖွဲ့စည်းကာ တစ်နှစ်အာဏာလွှဲယူခဲ့တဲ့‌နောက်ပိုင်း နိုင်ငံမတည်ငြိမ်မှု အကြောင်း ပြချက်နဲ့ အရေးပေါ်သက်တမ်းကို ၆ လ တစ်ကြိမ် အခါခါ တိုးယူခဲ့တာ ဖြစ်ပါတယ်။

ဒါကြောင့် စစ်ကောင်စီအနေနဲ့ ရွေးကောက်ပွဲကျင်းပဖို့ လျာထားတဲ့ အချိန်ကာလမတိုင်ခင် ၆ လအလိုမှာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ကြားဖြတ်အစိုးရတစ်ရပ်ဖွဲ့စည်းပြီး အဲဒီအစိုးရကနေ ရွေးကောက်ပွဲကျင်းပပေးရမှာပါ။

ဒါပေမယ့် အရေးပေါ်ကာလကို ထပ်မံသက်တမ်းတိုးပြီး ရွေးကောက်ပွဲကျင်းပမယ့် အချိန်ကာလနဲ့ နီးကပ်စွာ တစ်လ၊ နှစ်လအလိုမှာ စစ်ကောင်စီက ကြားဖြတ်အစိုးရတစ်ရပ်ဖွဲ့စည်းတာလည်း ဖြစ်နိုင်တယ်လို့ နိုင်ငံရေးလေ့လာသူတွေက သုံးသပ်နေကြပါတယ်။

NUG နဲ့ NUCC ကတော့ စစ်အာဏာရှင်စနစ် သက်ဆိုးရှည်စေရေးအတွက် ဟန်ပြပြုလုပ်မယ့်ရှိသင့်ရှိထိုက်တဲ့ ကြန်အင်လက္ခဏာနဲ့ စံနှုန်းတွေ ချို့ယွင်းနေတဲ့ တရားမဝင် ရွေးကောက်ပွဲမှာ မှတ်ပုံ တင်ထားတဲ့ နိုင်ငံရေးပါတီတွေအနေနဲ့ ပူးပေါင်းပါဝင်ခြင်း မပြုဖို့ တိုက်တွန်းထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-MOI

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.