လှိုင်းဘွဲ၊ မေ ၁၃
KNU တပ်မဟာ ၇ ထိန်းချုပ်နယ်မြေ လှိုင်းဘွဲမြို့နယ် တာလယ်အုပ်စုထဲကို စစ်ကောင်စီတပ်က လေယာဉ်နဲ့ ဆက်တိုက်ဗုံးကြဲနေတဲ့အတွက် နေအိမ်အများအပြား ထိခိုက်ပျက်စီးခဲ့ပြီး ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ နယ်စပ်သတင်းရင်းမြစ်တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။
ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ် တာလယ်ကျေးရွာအုပ်စုမှာရှိတဲ့ စစ်ကောင်စီတပ်ရဲ့ တာလယ်ဗျူ ဟာစခန်းကို မေ ၉ ရက်နေ့ကစပြီး ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA တပ်မ ဟာ ၇ ဦးဆောင်တဲ့ ပူးပေါင်းအဖွဲ့က ဒရုန်းတွေနဲ့ စတင်ဗုံးကြဲချ တိုက်ခိုက်နေတာဖြစ်ပါတယ်။
စစ်ကောင်စီတပ်ကလည်း လေယာဉ်နဲ့ မေ ၉ ရက်နေ့ ညပိုင်းကစပြီး မေလ ၁၂ ရက်နေ့အထိ နေ့စဉ် ရက်ဆက် ဗုံးကြဲတိုက်ခိုက်နေခဲ့တဲ့အတွက် ကျေးရွာအတွင်းရှိ ဒေသခံပြည်သူတွေရဲ့ နေအိမ်တွေ ထိခိုက်ပျက်စီးသွားခဲ့တဲ့အပြင် ဒေသခံပြည်သူတွေဟာ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေခဲ့ရပါတယ်။
KNLA တပ်မဟာ ၇ ဦးဆောင်တဲ့ ပူးပေါင်းအဖွဲ့ဟာ မေ ၉ ရက်နေ့ မနက်ပိုင်းက လှိုင်းဘွဲမြို့နယ် မဲလကျေးရွာအနီးရှိ စစ်ကောင်စီတပ်ရဲ့ တခေါဘီခွီးစခန်းကုန်းကို တိုက်ခိုက်သိမ်းယူနိုင်ခဲ့တာဖြစ်ပြီး အဲဒီစခန်းကို သိမ်းယူပြီးပြီးချင်း တာလယ်ကျေးရွာက တာလယ်ဗျူဟာစခန်းကို ထိုးစစ်ဆင်ခဲ့တာဖြစ်ပါတယ်။
လှိုင်းဘွဲမြို့နယ် ထိုင်း-မြန်မာနယ်စပ် သောင်းရင်းမြစ်ကမ်းနားမှာ စစ်ကောင်စီတပ်ရဲ့ လက်ကျန်စ ခန်းတွေဖြစ်ကြတဲ့ မယ်သဝေါ၊ တာလယ်၊ မယ်လ၊ မော်ဖိုးကေ၊ နော်တရာ စတဲ့ စခန်းတွေကျန်နေရှိနေပြီး အဲဒီစခန်းတွေထဲမှာ တာလယ်စခန်းက ဗျူဟာအဆင့်ရှိ စခန်းကြီးတစ်ခုဖြစ်တယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေက ဆိုပါတယ်။
လှိုင်းဘွဲမြို့နယ် တာလယ်ကျေးရွာအုပ်စုနဲ့ မယ်လကျေးရွာအုပ်စုအနီးက ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် ဒေသခံပြည်သူ ရာချီဟာ ထိုင်းနိုင်ငံဘက်ခြမ်းကို ထွက်ပြေးရောက်ရှိလာခဲ့ကြသလို တိုက် ပွဲကြောင့် နယ်စပ်ဒေသတစ်လျှောက်ကို အနီးကပ်စောင့်ကြည့်ကာ လုံခြုံရေးတင်းကြပ်ထားတယ်လို့ ထိုင်းသတင်းရင်းမြစ်က ထုတ်ပြန်ထားပါတယ်။
KNU ဘားအံခရိုင် တပ်မဟာ ၇ ထိန်းချုပ်နယ်မြေထဲမှာရှိတဲ့ စစ်ကောင်စီတပ်စခန်းတွေကို KNLA တပ်မဟာ ၇ ဦးဆောင်တဲ့ ပူးပေါင်းအဖွဲ့က ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်ကုန်ပိုင်းက စတင်တိုက်ခိုက်နေခဲ့တာဖြစ်ပြီး မာနယ်ပလောဒေသထဲက စစ်ကောင်စီစခန်းအပါအဝင် ခလယ်ဒေး ပူလူးတူ တခေါဘီခွီး မော်ဖားသူစခန်းတို့ကို သိမ်းယူနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-KNU