ကျိုက်ထို၊ မေ ၁၃

မွန်ပြည်နယ် ကျိုက်ထိုမြို့နယ်နဲ့ ဘီးလင်းမြို့နယ်တို့မှာ စစ်ကောင်စီရဲ့ လက်နက်ကြီးနဲ့လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူတစ်ဦးသေဆုံးပြီး ခြောက်ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ KNU ဗဟိုရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

ပြီးခဲ့တဲ့ မေ ၁၀ ရက်နေ့က ကျိုက်ထိုအခြေစိုက် အမှတ် ၄၄ ခြေမြန်တပ်မဌာနချုပ်ကနေ ကျိုက်ထိုမြို့နယ် ဝင်းကံကျေးရွာနဲ့ ဘီးလင်းမြို့နယ် ကရဝေးဆိပ်ကျေးရွာထဲကို ၁၂၀ မမ လက်နက်ကြီး နှစ်လုံး ပစ်ခတ်ခဲ့တာပါ။

လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် ကရဝေးဆိပ်ကျေးရွာနေ အသက် ၆၆ နှစ်အရွယ် ဒေါ်ခင်အေး ထိမှန်သေဆုံးခဲ့ပြီး ဒေသခံပြည်သူနှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။

အဲဒီနေ့မှာပဲ စစ်ကောင်စီတပ်ဟာ ကျိုက်ထိုမြို့နယ် ဝင်းကံကျေးရွာကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့အတွက် ဒေသခံတွေဖြစ်တဲ့ စောဖိုးလင်းလင်းနဲ့ စောနေတိုးတို့ ထိမှန်ဒဏ်ရာရရှိခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒါ့အပြင် မေ ၁၁ ရက်နေ့ကလည်း ကျိုက်ထိုမြို့နယ် ဝင်းကံကျေးရွာ ထပ်မံဗုံးကြဲခံရတာကြောင့် ဒေသခံတွေဖြစ်တဲ့ အသက် ၅၃ နှစ်အရွယ် ဦးမောင်နိုင်၊ အသက် ၁၃ နှစ်အရွယ် မောင်မြင့်မြတ်ထွေးတို့ ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။

ကျိုက်ထိုမြို့နယ်နဲ့ ဘီးလင်းမြို့နယ်တို့မှာ အဲဒီနှစ်ရက်အတွင်း စစ်ကောင်စီရဲ့ လက်နက်ကြီးနဲ့ လေ ကြောင်းတိုက်ခိုက်မှုကြောင့် နေအိမ် ၂၅ လုံး မီးလောင်ပျက်စီးခဲ့ပြီး ဒေသခံအများအပြား ထွက် ပြေးတိမ်းရှောင်နေရတယ်လို့ KNU ဗဟိုထံကနေ သိရပါတယ်။

ကရင်အမျိုးသားအစည်းအရုံး KNU ဗဟိုရဲ့ အချက်အလက်တွေအရ KNU သထုံခရိုင်နယ်မြေမှာ ပြီးခဲ့တဲ့ ဧပြီနောက်ဆုံးအပတ်ကစလို့ ပြင်းထန်လာတဲ့ နှစ်ဖက်စစ်ရေးအခြေအနေတွေကြောင့် ဒေသခံ တစ်သောင်းကျော် စစ်ရှောင်နေရပြီး လူသားချင်းစာနာမှု အကူအညီ လိုအပ်မှု မြင့်တက်လာပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-KHRG

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.