ဒါဗောင် စီးတီး၊ မေ ၁၀
ဖိလစ်ပိုင်သမ္မတဟောင်း ရိုဒရီဂို ဒူတာတေးဟာ သည်ဟေ့ဂ်မြို့မှာ ဖမ်းဆီးခံထားရပြီး သူ့ရဲ့ သမ္မတ သက်တမ်းအတွင်း လူထောင်ပေါင်းများစွာ သေဆုံးခဲ့တဲ့ မူးယစ်ဆေးဝါး နှိမ်နင်းမှုအတွက် အမှု ရင်ဆိုင် နေရပါတယ်။
ဒါပေမဲ့ သူ့ရဲ့ မွေးရပ်မြို့ ဒါဗောင်စီးတီးမှာတော့ သမ္မတဟောင်း ဒူတာတေးဟာ ကြားဖြတ်ရွေးကောက်ပွဲအတွင်း မြို့တော်ဝန် ရာထူးအတွက် ပါဝင်ယှဉ်ပြိုင်နေပြီး သူအနိုင်ရမယ်လို့ အများက မျှော်လင့်ထားပါတယ်။
တစ်နိုင်ငံလုံး အတိုင်းအတာ မဟုတ်ပေမယ့် သူ့မိသားစုရဲ့ အမာခံ နယ်မြေမှာ ဒူတာတေးဟာ ထောက်ခံမှု အခိုင်အမာ ရရှိထားပါတယ်။

ဒူတာတေးဟာ မြို့တော်ဝန် ရာထူးထမ်းဆောင်ချိန်ကတည်းက မူးယစ်ဆေးဝါး နှိမ်နင်းခဲ့ပြီး ၂၀၁၅ ခုနှစ်မှာ အာဏာရရှိလာခဲ့တာ ဖြစ်ပါတယ်။
ဒါပေမဲ့ နိုင်ငံတကာ ရာဇဝတ်မှု တရားရုံး ICC ရဲ့ တောင်းဆိုမှုအရ သူ့ကို မတ်လက ဖမ်းဆီးခဲ့တာဟာ အားကောင်းတဲ့ သူ့မိသားစုအတွက် ကြီးမားတဲ့ ထိုးနှက်ချက် တစ်ခု ဖြစ်ခဲ့ပါတယ်။
စကားပြော ခက်ထန်တဲ့ ဒူတာတေး သမ္မတ ဖြစ်လာချိန်မှာ နိုင်ငံခြားရေးမူဝါဒကို ပြောင်းပြန်လှန်ပစ်ခဲ့ပြီး မူးယစ်ဆေးဝါးကို ပြင်းပြင်းထန်ထန် နှိမ်နင်းခဲ့ပါတယ်။

သူ့ရဲ့ မူးယစ်ဆေးဝါး နှိမ်နင်းမှုအတွင်း သံသယရှိသူတွေပါ ပစ်သတ်ခံခဲ့ရပြီး လူပေါင်း ၆၀၀၀ ကျော် သေဆုံးခဲ့တယ်လို့ ရဲတပ်ဖွဲ့က ပြောထားပေမယ့် အဲဒီထက် အများကြီး ပိုနိုင်တယ်လို့ လူ့အခွင့်အရေးအဖွဲ့တွေရဲ့ ပြောကြားမှုနဲ့အတူ အခုတော့ ဒူတာတေးဟာ နယ်သာလန် နိုင်ငံမှာ ဖမ်းဆီးခံထားရပါတယ်။
ဒူတာတေးဟာ နိုင်ငံတဝန်း ထောက်ခံမှု အားမကောင်းပေမယ့် သူ့ရဲ့ အမာခံနယ်မြေ ဖြစ်တဲ့ ဒါဗောင်မြို့မှာတော့ အခိုင်အမာ ထောက်ခံသူတွေ အများကြီး ရှိပါတယ်။
သူ့ရဲ့ သမီး၊ လက်ရှိ ဒုသမ္မတ ဆာရာ ဒူတာတေးဟာ ၂၀၂၈ ခုနှစ်မှာ သမ္မတရွေးကောက်ပွဲ ဝင်ဖို့ စီစဉ်ထားပေမယ့် သူ့မှာ နိုင်ငံရေး ပြဿနာတွေ အများကြီး ရှိနေပါတယ်။
လက်ရှိ သမ္မတ မားကို့စ်ကို သတ်ပစ်မယ်လို့ ခြိမ်းခြောက်ခဲ့တာကြောင့် ဆာရာ ဒူတာတေးဟာ စွပ်စွဲ ပြစ်တင်ရေး အမှုနဲ့ ရင်ဆိုင်နေရတာ ဖြစ်ပါတယ်။
Ref:Reuters