နောင်ချို ၊မေ ၁၀
ရှမ်းပြည်နယ် နောင်ချိုမြို့ နယ် သရက်ချိုကျေးရွာမှာ စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးပစ်ခတ်မှုကြောင့် ကလေးတစ်ဦးအပါအဝင် ဒေသခံလေးဦးသေဆုံးပြီး ခုနှစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ တအာင်းတပ်မတော် TNLA က ထုတ်ပြန်ပါတယ်။
ပြီးခဲ့တဲ့ မေ ၈ ရက်နေ့ ညနေ ၆ နာရီအချိန်ခန့်က မင်္ဂလာဆောင် ပြုလုပ်နေတဲ့ နောင်ချိုမြို့နယ် သရက်ချိုကျေးရွာကို စစ်ကောင်စီရဲ့ အမှတ် ၉၁၀ အမြောက်တပ်ကနေ လက်နက်ကြီး ပစ်ခတ်ခဲ့တာ ဖြစ်ပါတယ်။
လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် အသက် ၅ နှစ်အရွယ် ကလေးငယ်တစ်ဦးအပါအဝင် ဒေသခံလေးဦး အခင်းဖြစ်ရာနေရာမှာပဲ သေဆုံးခဲ့ပြီး ဒေသခံခုနှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တာပါ။
အဲဒီဖြစ်စဉ်အပြီး တစ်ရက်အကြာ မေ ၉ ရက် မနက် ၆ နာရီကျော်လောက်မှာ စစ်ကောင်စီတပ်က သရက်ချိုကျေးရွာအနီးတဝိုက်သို့ ထိုးစစ်ဆင်လာလို့ တိုက်ပွဲဖြစ်ပွားခဲ့တဲ့ အမှတ် ၉၀၁ အမြောက် တပ်က နေ့လည် ၁၂ နာရီခန့်မှာ ဒရုန်းနဲ့ ဗုံး ၅ လုံး၊ လက်နက်ကြီးနဲ့ ၁၀ ကြိမ် တိုက်ခိုက်မှု လုပ် ဆောင်ခဲ့တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် နောင်ချိုမြို့နယ် နောင်လင်ရွာအနီးတဝိုက်မှာလည်း မေ ၉ ရက် ညနေ ၃ နာရီခွဲခန့်မှာ စစ်ကောင်စီနဲ့ TNLA တပ်ဖွဲ့တွေ တိုက်ပွဲဖြစ်ပွားခဲ့ပြန်ပါတယ်။ အဲဒီနေ့ နေ့လယ် ၁၂ နာရီကျော်လောက်မှာ စစ်ကောင်စီတပ်က နောင်လင်ကျေးရွာထဲကို ဒရုန်းနဲ့ ဗုံး ၈ လုံး၊ လက်နက်ကြီးနဲ့ ၇ ကြိမ် ပစ်ခတ်ခဲ့တာပါ။
စစ်ကောင်စီဟာ မေ ၆ ရက်နေ့ကနေ ၃၁ ရက်နေ့အထိ အပစ်အခတ်ရပ်စဲရေး ကာလအဖြစ် ကြေ ညာထားပေမယ့် TNLA ထိန်းချုပ်ဒေသအတွင်းမှာ ထိုးစစ်ဆင်တာ၊ လက်နက်ကြီးပစ်ခတ်တာ၊ ဒရုန်းနဲ့ လေကြောင်း အသုံးပြုတိုက်ခိုက်တာတွေ ဆက်လက်လုပ်ဆောင်နေတာလည်း ဖြစ်ပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – TNLA