ကော့ကရိတ်၊ မေ ၁၀
ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ် လှိုင်ကွယ်ကျေးရွာမှာ လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် လှိုင်ကွယ်ကျောင်းထိုင်ဆရာတော် ပျံလွန်တော်မူခဲ့တယ်လို့ ဒေသလူမှုကူညီရေးအဖွဲ့ဝင်တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။
မနေ့ မေ ၉ ရက်နေ့ မနက် ၁၀ နာရီအချိန်ခန့်မှာ လှိုင်ကွယ်ကျေးရွာဘုန်းကြီးကျောင်းပေါ်ကို လက် နက်ကြီးတစ်လုံး ကျရောက်ပေါက်ကွဲခဲ့ပြီး ကျောင်းပေါ်ရှိနေတဲ့ဆရာတော် မိုင်းစထိမှန်ဒဏ်ရာရရှိခဲ့ပါတယ်။
အဲဒီနောက် လက်နက်ကြီးကျည်စထိမှန်ခဲ့တဲ့ သက်တော် ၅၆ နှစ်အရွယ် ကျောင်းထိုင်ဆရာတော် ဦးသုဇာတကို ဆေးရုံသို့ ပို့ဆောင်စဉ် လမ်းမှာပဲ ပျံလွန်တော်မူခဲ့တာပါ။
ကျောင်းထိုင်ဆရာတော် ဦးသုဇာတဟာ လက်နက်ကြီးကြောင့် နောက်ကျောနဲ့ လက်တွေမှာ ကျည်စထိမှန်ဒဏ်ရာရရှိပြီး ပျံလွန်တော်မူခဲ့တာ ဖြစ်ပါတယ်။
လှိုင်ကွယ်ကျေးရွာထံ လက်နက်ကြီး ကျရောက်ပေါက်ကွဲတဲ့အချိန်ဟာ ကျုံဒိုးမြို့အနီးမှာ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးအင်အားစုပူးပေါင်းတပ်ဖွဲ့တွေ နှစ်ဖက်တိုက်ပွဲ ဖြစ်ပွားနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ကော့ကရိတ်နဲ့ကျုံဒိုးမြို့မှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် လှိုင်ကွယ်ကျေးရွာက ဒေသခံအများစုဟာ ကျေးရွာကနေ စစ်ဘေးရှောင်နေရပြီး ရွာမှာ ကျောင်းနေသံဃာအချို့နဲ့အိမ်စောင့်အချို့သာ ကျန်ရှိတယ်လို့ ဒေသခံတွေထံက သိရပါတယ်။
ပြီးခဲ့တဲ့ ဧပြီ ၁၄ ရက်နေ့ကစတင်ခဲ့တဲ့ ကော့ကရိတ် – ကျုံဒိုးတိုက်ပွဲကြောင့် ဒေသခံပြည်သူ ၂၀ ထက်မနည်း သေဆုံးထားပြီး ဒဏ်ရာရသူ ၄၀ နီးပါး ရှိလာသလို စစ်ရှောင်ဦးရေ တစ်သိန်းကျော်အထိ မြင့်တက်လာပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – CJ