ထားဝယ်၊ မေ ၁၀
ထိုင်း-မြန်မာနယ်စပ် တနင်္သာရီတိုင်း ထားဝယ်ခရိုင် ထားဝယ်မြို့နယ် ထီးခီးဒေသတစ်ခုလုံးကို အ လုံးစုံ ပြန်လည်သိမ်းပိုက်နိုင်ခဲ့ပြီလို့ ကရင်အမျိုးသားအစည်းအရုံး KNU ဗဟိုက မေ ၉ ရက်နေ့မှာ တရားဝင်အတည်ပြုကြေညာပါတယ်။
ထီးခီးဒေသအတွင်းရှိ စစ်ကောင်စီရဲ့ ထီးထဗျူဟာစခန်းကို ပြီးခဲ့တဲ့ ဧပြီ ၁၉ ရက်နေ့၊ ထီးခီးဗျူဟာစခန်းကို မေ ၉ ရက်နေ့မှာ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA ၊ ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ KNDO ဦးဆောင်တဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေက အလုံးစုံသိမ်းပိုက်ရရှိခဲ့တာပါ။
ထီးခီးဒေသဟာ KNU မြိတ်−ထားဝယ်ခရိုင်ရဲ့ ခရိုင်ဌာနချုပ်နဲ့ တပ်မဟာဌာနချုပ် တည်ဆောက်ဖို့ ၁၉၇၄ ခုနှစ်မှာ စတင်စီစဉ်ခဲ့ပြီး ၁၉၇၅ ခုနှစ်မှာ စတင်ကာ ခရိုင်ဌာနချုပ်နဲ့ တပ်မဟာဌာနချုပ်မှာ တာဝန်ထမ်းဆောင်နေတဲ့ ရုံးအဖွဲ့ဝင်တွေရဲ့ မိသားစုဝင်တွေ နေထိုင်ခဲ့တယ်လို့ KNU က ဆိုပါတယ်
၁၉၉၇ ခုနှစ်အရောက်မှာ စစ်ကောင်စီရဲ့ တပ်မ (၅၅) နဲ့ တပ်မ (၆၆) ဦးဆောင်တဲ့ တပ်ရင်း ၂၀ လောက်က မေဂျာအော်ပရေးရှင်းအနေနဲ့ ထီးခီးဒေသအား စတင်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တာကြောင့် ထီးခီးဒေသကို လက်လွှတ်ခဲ့ရတယ်လို့ KNU ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဒါပေမယ့် နှစ်ပေါင်း ၂၈ နှစ်အကြာမှာ လက်လွှတ်ခဲ့ရတဲ့ ထီးခီးဒေသကို ပြန်လည်သိမ်းပိုက်နိုင်ခဲ့ပြီး ဒေသတွင်း ပြည်သူလူထုတွေရဲ့ အသက်အိုးအိမ်များကာကွယ်ရေးအတွက် ဆက်လက်လုပ်ဆောင်သွားမယ်လို့ KNU က အသိပေးကြေညာထားပါတယ်။
ထိုင်း-မြန်မာနယ်စပ် ထီးခီးဒေသတစ်ခုလုံးကို ကရင်အမျိုးသားအစည်းအရုံး KNU ပြန်လည်သိမ်း ပိုက်သွားတဲ့ အခြေအနေနဲ့ ပတ်သက်ပြီး စစ်ကောင်စီဘက်က လက်ရှိအချိန်ထိ တစ်စုံတစ်ရာ သ တင်းထုတ်ပြန်တာ မတွေ့ရသေးပါဘူး။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-KNU/KNLA