မော်လမြိုင် ၊ မေ ၈
အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ NUCC က မေ ၄ ရက်နေ့မှာ ထုတ်ပြန်ခဲ့တဲ့ အဖွဲ့ဝင် အဖွဲ့အစည်းတွေနဲ့ ကောင်စီဝင်ကိုယ်စားလှယ်တွေရဲ့ အမည်စာရင်းထဲမှာ ပြည်နယ်/လူမျိုးကိုယ်စားပြု ကောင်စီအဖြစ် မွန်ပြည်ဖက်ဒရယ်ကောင်စီလည်း ပါဝင်ပါတယ်။
အာဏာသိမ်းမှုအတွင်း ဖွဲ့စည်းခဲ့တဲ့ မွန်ပြည်ဖက်ဒရယ်ကောင်စီ MSFC ဟာ အမျိုးသားညီညွတ်ရေးအစိုးရ NUG မှာ ဝန်ကြီးသုံးဦးပါဝင်သလို NUCC မှာလည်း ကိုယ်စားလှယ်သုံးဦး စေလွှတ်ထားတာပါ။
မွန်ပြည်ဖက်ဒရယ်ကောင်စီ ပြောခွင့်ရ နိုင်မွန်စိုင်းက NUCC မှာ မွန်ပြည်နဲ့ မွန်လူထုဆိုင်ရာ ကိစ္စရပ်တွေနဲ့ပတ်သက်ပြီး ဖက်ဒရယ်အရေးဆိုင်ရာ နိုင်ငံရေးလမ်းကြောင်းကို ဆွေးနွေးတိုက်တွန်းတာတွေရှိတယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။
“NUCC မှာ ကျွန်တော်တို့ အလုပ်တွေအများကြီးလုပ်ဖြစ်ပါတယ်။ ပထမတစ်ချက်က ကျွန်တော်တို့ တိုင်းရင်းသားတွေ လူမျိုးစုတွေ ဘာသာရေး လူနည်းစုတွေ စသဖြင့် သူတို့ ဒေသရဲ့ အခွင့်အရေးအတွက် များသောအားဖြင့် NUCC က ချမှတ်ထားတဲ့ ဖက်ဒရယ်ဒီမိုကရေစီချာတာ လမ်းကြောင်း ၁ ပေါ်မှာ မူတည်ပြီးတော့မှ လုပ်ဆောင်နေကြတာတွေ ရှိပါတယ်”လို့ ဆိုပါတယ်။
၂၀၂၁ ခုနှစ် မတ် ၃၀ ရက်နေ့မှာ ထုတ်ပြန်ကြေညာခဲ့တဲ့ ဖက်ဒရယ်ဒီမိုကရေစီချာတာ အပိုင်း ၁ နဲ့ ၂ ရှိပေမယ့် အပိုင်း ၂ ဟာ တိုင်းရင်းသားလိုလားချက်တွေနဲ့ မအပ်စပ်တဲ့အတွက် ပါဝင်နေတဲ့ အစုအဖွဲ့တွေက ဝိုင်းဝန်းပြင်ဆင်ခဲ့ကြတယ်လို့ ပြောပါတယ်။
မွန်ပြည်ဖက်ဒရယ်ကောင်စီအနေနဲ့ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ NUCC မှာ မဟာဗျူဟာအရ လုပ်ငန်းဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုတွေရှိပြီး ပညာရေး၊ ကျန်းမာရေး စတဲ့ ကဏ္ဍတွေလည်း ပါဝင်တယ်လို့ သူက ဆက်ပြောပါတယ်။
အဲဒီလို ပူးပေါင်းဆောင်ရွက်ဖို့ NUCC ရဲ့ ကွပ်ကဲမှုအောက်မှာ JCC (Join Coordinating Committee) တွေ ဖွဲ့စည်းထားပြီး အဲဒီကနေတဆင့် အမျိုးသားညီညွတ်ရေးအစိုးရ NUG နဲ့ ပညာရေး၊ ကျန်းမာရေးအပြင် တခြားဌာန အသီးသီးတွေလည်း ပူးပေါင်းလုပ်ဆောင်နေတာလို့ နိုင်မွန်စိုင်းက ရှင်းပြပါတယ်။
ဒါ့အပြင် ပြည်နယ်အားကောင်းရေးကနေ ပြည်ထောင်စုအားကောင်းရေး (Bottom up Federa lism Approach) ကို အခြေခံတဲ့ ဖက်ဒရယ်အသွင်ကူးပြောင်းရေးအစီအမံဆိုင်ရာ အခြေခံဥပဒေရေးဆွဲရေးမှာလည်း ပူးပေါင်းပါဝင်နေကြတယ်လို့ သူက အခုလို ပြောပါတယ်။
“ဒီနောက်ပိုင်းက ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်တဲ့အခါမှာ ပြည်နယ်တွေရဲ့ အားကောင်းရေးကလည်း အရေးကြီးတာဖြစ်တဲ့အတွက် ပြည်နယ်အားကောင်းရေးကနေ ပြည်ထောင်စု အား ကောင်းရေးပေါ့။ ဒါကို Button up Federalism ကိစ္စတွေကလည်း ကျွန်တော်တို့ NUCC မှာ ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးပြီးတော့မှ ပြည်နယ်အဆင့် ပြည်နယ်ယူနစ်တွေပေါ့။ အဲဒီမှာလည်း စတင်ကျင့်သုံးဖို့ ပြောဆိုလာကြတာ ရှိပါတယ်။ ဒါ ပြည်နယ်ယူနစ်ဆိုတာ တော်လှန်ရေးမှာ နယ်မြေတချို့ ထိန်းချုပ်နိုင်တဲ့ စစ်ကိုင်း၊ မကွေး၊ မန္တလေးတို့လည်း အပါအဝင်ပဲ ဖြစ်ပါတယ်” လို့ ဆိုပါတယ်။
ဖက်ဒရယ်အသွင်ကူးပြောင်းရေး အစီအမံဆိုင်ရာ အခြေခံဥပဒေကို ပြီးခဲ့တဲ့ နှစ်ကတည်းက စတင်ရေးဆွဲခဲ့ကြတာဖြစ်ပြီး အခုနှစ် ဩဂုတ်နဲ့ စက်တင်ဘာလမှာ အပြီးသတ်ရေးဆွဲနိုင်ဖို့ ကြိုးပမ်းနေတယ်လို့ NUCC ဘက်က ထုတ်ပြောထားတာပါ။
အဲဒီအခြေခံဥပဒေရေးဆွဲရေးမှာ မွန်ပြည်ဖက်ဒရယ်ကောင်စီအပါအဝင် တိုင်းရင်းသားလက်နက် ကိုင်တော်လှန်ရေးအဖွဲ့အစည်းတွေနဲ့ ပြည်နယ်/လူမျိုးကိုယ်စားပြု ဖက်ဒရယ်ကောင်စီတွေ စတဲ့ အဖွဲ့ ၉ ဖွဲ့တို့လည်း ပါဝင်ပါတယ်။
NUCC ဟာ လက်ရှိ တော်လှန်ရေးကာလမှာ မူဝါဒပိုင်းဆိုင်ရာ နိုင်ငံရေးဦးဆောင်တဲ့ အဖွဲ့အစည်းတစ်ခုဖြစ်သလို အမျိုးသားညီညွတ်ရေးအစိုးရ NUG ကို မူဝါဒအရ အကူအညီတွေ ပေးနိုင်အောင် ဝိုင်းဝန်းဆောင်ရွက်ပေးနေတာဖြစ်ပါတယ်။
ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ် အစိတ်အပိုင်း (၁) အခန်း (၂) နဲ့ အစိတ်အပိုင်း (၂) အခန်း (၃) အပိုဒ် ၁၅ အရ NUCC ကို ၂၀၂၁ ခုနှစ် မတ် ၂ ရက်နေ့မှာ ဖွဲ့စည်းခဲ့ပြီး လက်ရှိမှာ အစုအဖွဲ့ ၅ ခုက အဖွဲ့ဝင်အဖွဲ့အစည်း ကိုယ်စားလှယ်တွေရဲ့ အမည်စာရင်းတွေကို ဖော်ပြလာတာပါ။
အဲဒီထဲမှာ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ CRPH အပါအဝင် ရွေးကောက်ခံလွှတ် တော် ကိုယ်စားလှယ်တွေ၊ နိုင်ငံရေးပါတီတွေ၊ တိုင်းရင်းသားတော်လှန်ရေး အဖွဲ့အစည်းတွေနဲ့ ကြားကာလ ပြည်နယ်/ ဖက်ဒရယ်ယူနစ်/လူမျိုး ကိုယ်စားပြုအဖွဲ့အစည်း/ ကောင်စီတွေလည်း ပါဝင်ပါတယ်။
ဒါ့အပြင် သမဂ္ဂတွေ၊ အမျိုးသမီးတွေ၊ လူငယ်နဲ့ လူနည်းစုဆိုင်ရာ အဖွဲ့အစည်းတွေ အပါအဝင် အရပ်ဖက် အဖွဲ့အစည်းတွေ၊ အာဏာရှင်စနစ်ဆန့်ကျင်ရေးမှာ ပါဝင်နေကြတဲ့ နိုင်ငံ့ဝန်ထမ်းတွေ အပါအဝင် CDM လှုပ်ရှားမှုဆိုင်ရာ အဖွဲ့အစည်းတွေ၊ လူထုသပိတ် လှုပ်ရှားမှုဆိုင်ရာ အဖွဲ့အစည်းတွေလည်း ပါဝင်ကြပါတယ်။
နိုင်မွန်စိုင်းကတော့ NUCC မှာ ပါဝင်နေကြတဲ့ အစုဖွဲ့ ၅ ရပ်ဟာ စုံလင်တဲ့ တော်လှန်ရေးတပ်ပေါင်းစုဖြစ်တဲ့အတွက် ဆုံးဖြတ်ချက်ချတဲ့အခါ တစ်ပါတီပုံစံနဲ့ မတူဘူးလို့ ပြောပါတယ်။
“အစုအဖွဲ့ ၅ ရပ်ကတော့ တော်တော်လေးစုံလင်တဲ့ တော်လှန်ရေးတပ်ပေါင်းစုဖြစ်တယ်။ ဒါကြောင့် NUCC မှာ ကျွန်တော်တို့ မန်ဘာတစ်ယောက်အနေနဲ့ လုပ်ကိုင်ရတာ ဂုဏ်ယူတယ်လို့ ပြောရမယ်။ ဒါပေမယ့် သိတဲ့အတိုင်းပါပဲ တပ်ပေါင်းစု မဟာမိတ်အဖွဲ့အစည်းတော်တော်များများတော့ တစ်ပါ တီပုံစံနဲ့တော့ မတူဘူး။ ဆုံးဖြတ်ချက်ချတဲ့အခါမှာ သေသေချာချာ ဆွေးနွေးတိုင်ပင်ပြီးတော့ ချမှတ် ရတာမျိုးတွေ ရှိပါတယ်”လို့ ဆိုပါတယ်။
မွန်ပြည်ဖက်ဒရယ်ကောင်စီ MSFC ကို ၂၀၂၁ ခုနှစ် ဧပြီလအတွင်း မွန်ပြည်ကြားကာလ ပူးပေါင်းဆောင်ရွက်ရေးကော်မတီ MSICC အဖြစ် စတင်ဖွဲ့စည်းခဲ့ပြီး ၂၀၂၃ ခုနှစ် ဇန်နဝါရီမှာတော့ ပြည် နယ်ဖက်ဒရယ်ယူနစ်တစ်ရပ်အဖြစ် အသွင်ကူးပြောင်းခဲ့တာပါ။
ကောင်စီမှာ ကာကွယ်ရေးနဲ့ တရားစီရင်ရေး၊ ပြည်ထဲရေး၊ ကျန်းမာရေး၊ ပညာရေး၊ လူသားချင်း စာနာမှုကူညီရေး၊ မြေယာသယံဇာတ၊ သတင်းနဲ့ပြန်ကြားရေး၊ အမျိုးသမီးနဲ့ ကလေးငယ်၊ ပြင်ပဆက်ဆံရေး၊ ဘဏ္ဍာရေးနဲ့ အခွန်ကောက်ခံရေးဌာန စတဲ့ ဌာနတွေနဲ့ အကောင်အထည်ဖော်နေတာ ဖြစ်ပါတယ်။
လက်ရှိမှာတော့ ကာကွယ်ရေးဌာနရဲ့ ကွပ်ကဲမှုအောက်မှာ မွန်ပြည်တော်လှန်ရေးတပ် MSRF တည်ရှိနေပြီး ကျန်မွန်လက်နက်ကိုင်တပ်ဖွဲ့တွေအပါအဝင် အခြားတော်လှန်ရေးအင်အားစုတွေနဲ့လည်း စစ်ရေးအရ ပူးပေါင်းလှုပ်ရှားနေပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-NUCC