မူဇကဖာရာဘက်၊ မေ ၇

နျူကလီးယား လက်နက် ပိုင်ဆိုင်ထားတဲ့ ရန်သူ နှစ်နိုင်ငံကြား ဆယ်စုနှစ် နှစ်စုကျော်အတွင်း အဆိုးရွားဆုံး တိုက်ခိုက်မှုအဖြစ် အိန္ဒိယက ပါကစ္စတန်နဲ့ ပါကစ္စတန် အုပ်ချုပ်တဲ့ ကက်ရှ်မီးယားဒေသကို မေ ၇ ရက်မှာတိုက်ခိုက်ခဲ့ပြီး အိန္ဒိယ တိုက်လေယာဉ် ၅ စီးကို ပစ်ချနိုင်ခဲ့တယ်လို့ ပါကစ္စတန်က ပြောထားပါတယ်။

အိန္ဒိယ အုပ်ချုပ်တဲ့ ကက်ရှ်မီးယား ဒေသမှာ ပြီးခဲ့တဲ့လက လူ ၂၆ ဦး သေဆုံးခဲ့တဲ့ ဟိန္ဒူခရီးသွားများကို အစ္စလာမ်မစ် စစ်သွေးကြွတွေရဲ့ တိုက်ခိုက်မှုနဲ့ ဆက်စပ်နေတဲ့ ပါကစ္စတန် အကြမ်းဖက် အဆောက်အဦ ၉ ခုကို တိုက်ခိုက်ခဲ့တယ်လို့ အိန္ဒိယက ပြောပါတယ်။

နိုင်ငံတွင်းက တည်နေရာ ၆ ခု ပစ်မှတ်ထားခံခဲ့ရပြီး အဲဒီ နေရာတွေဟာ အကြမ်းဖက်မှုနဲ့ ဆက်စပ်နေတာ တစ်ခုမှ မရှိဘူးလို့ ပါကစ္စတန်စိုးရက ပြောပါတယ်။

အိန္ဒိယရဲ့ တိုက်ခိုက်မှုကြောင့် လူ ၈ ဦး သေဆုံးခဲ့တယ်လို့ အစ္စလာမ်မာဘက်အစိုးရက ပြောထားပါတယ်။

အစ္စလာမ်မစ် စစ်သွေးကြွအဖွဲ့တွေရဲ့ ဌာနချုပ် ဖြစ်တဲ့ Jaish-e-Mohammed နဲ့ Lashkar-e-Taiba ကို အိန္ဒိယက တိုက်ခိုက်ခဲ့တာ ဖြစ်တယ်လို့ အိန္ဒိယ ကာကွယ်ရေးဝန်ကြီးဌာန သတင်းရင်းမြစ်က ပြောထားပါတယ်။

မိမိတို့အနေနဲ့ ပစ်မှတ်တွေကို ထိန်းထိန်းသိမ်းသိမ်း ရွေးချယ်ပြီး ကွပ်မျက်တဲ့ ပုံစံမျိုး တိုက်ခိုက်ခဲ့တာ ဖြစ်တယ်လို့ အိန္ဒိယ ကာကွယ်ရေး ဝန်ကြီးဌာနက ပြောပါတယ်။

နေရာ သုံးနေရာမှာ အိန္ဒိယ ဒုံးကျည်တွေ ထိမှန်ခဲ့ပြီး အိန္ဒိယ တိုက်လေယာဉ် ငါးစီးကို ပစ်ချနိုင်ခဲ့တယ်လို့ ပါကစ္စတန်က ပြောပေမယ့် အိန္ဒိယက အတည်မပြုပါဘူး။

တိုက်ခိုက်မှု ဖြစ်ပွားတဲ့ညက ဟိမဝန္တာဒေသမှာရှိတဲ့ မတူညီတဲ့ နေရာတွေမှာ တိုက်လေယာဉ် သုံးစီး ပျက်ကျခဲ့တယ်လို့ အိန္ဒိယ အုပ်ချုပ်တဲ့ ကက်ရှ်မီးယားဒေသရှိ သတင်းရင်းမြစ်တွေက ပြောပါတယ်။

လေယာဉ်မှူး သုံးဦး စလုံး ဆေးရုံတင်ထားရတယ်လို့ အဲဒီ သတင်းရင်းမြစ်တွေက ပြောကြားပေမယ့် အိန္ဒိယ ကာကွယ်ရေး န်ကြီးဌာနက အတည် မပြုသေးပါဘူး။

အိန္ဒိယရဲ့ လုပ်ရပ်ဟာ ပြောင်ပြောင်တင်းတင်း စစ်ပွဲ ဆင်နွှဲတာ ဖြစ်ပြီး ပါကစ္စတန်အနေနဲ့ အိန္ဒိယရဲ့ ရန်စမှုကို သင့်တော်သလို တုံ့ပြန်ခွင့်ရှိကြောင်း ကုလသမဂ္ဂ လုံခြုံရေးကောင်စီကို အကြောင်းကြားထားတယ်လို့ အစ္စလာမ်မာဘက် အစိုးရက ပြောကြားထားတာ ဖြစ်ပါတယ်။

Ref:Reuters

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.