သထုံ၊ မေ ၇

အပစ်ရပ်ကာလ သက်တမ်းထပ်တိုးထားတဲ့ စစ်ကောင်စီဟာ မွန်ပြည်နယ် သထုံခရိုင်အတွင်းက ကျေးရွာတွေကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှု ဆက်တိုက်လုပ်ဆောင်နေတယ်လို့ KNU သထုံခရိုင်ထံကနေ သိရပါတယ်။

ငလျင်ဘေးကြောင့် ပြန်လည်ထူထောင်ရေး လုပ်ဆောင်ဖို့အတွက် အပစ်ရပ်ကာလကို မေ ၆ ရက်နေ့ကနေ မေ ၃၁ ရက်နေ့အထိ သက်တမ်းထပ်တိုးထားတယ်လို့ စစ်ကောင်စီရဲ့ ကာကွယ်ရေးဦးစီး ချုပ်ရုံးက သတင်းထုတ်ပြန်ပါတယ်။

ဒါပေမယ့် စစ်ကောင်စီတပ်ဟာ မေ ၆ ရက်နေ့ မနက်ပိုင်းမှာပဲ သထုံခရိုင်ရဲ့ ကျိုက်ထိုမြို့နယ်က ငှက်ပျောတောကျေးရွာနဲ့ ဘီးလင်းမြို့နယ်က တောင်သူစုကျေးရွာတို့ကို ပေါင် ၃၀၀ ဗုံးတွေ လာရောက်ကြဲချသွားတာပါ။

အဲဒီဗုံးကြဲတိုက်ခိုက်မှုအတွင်း လူထိခိုက်သေဆုံးတာ မရှိပေမယ့် ဒေသခံတွေရဲ့ ဥယျာဉ်ခြံတွေထဲက သီးနှံပင်တွေနဲ့ လမ်းတံတားတချို့ ထိမှန် ပျက်စီးခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU သထုံခရိုင် အတွင်းရေးမှူး ပဒိုစောအေးနိုင်က သံလွင်တိုင်းမ်ကို ပြောပါတယ်။

စစ်ကောင်စီတပ်ရဲ့ ဗုံးကြဲတိုက်ခိုက်မှုဟာ အရပ်သားပြည်သူနေထိုင်ရာ ကျေးရွာတွေကို ရည်ရွယ် ချက်ရှိရှိ ပစ်မှတ်ထား တိုက်ခိုက်မှု ဖြစ်တယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ မေ ၄ ရက်နေ့ကလည်း စစ်ကောင်စီတပ်ဟာ ဘီးလင်းမြို့နယ် မိချောင်းအိုင်ကျေးရွာမှာ တိုက်ပွဲမရှိဘဲ ဂျက်ဖိုက်တာ တိုက်လေယာဉ်နဲ့ ဗုံး နှစ်လုံး လာရောက်ကြဲခဲ့တဲ့အတွက် ရော်ဘာပင် ၅၀ နီးပါးနဲ့ ဘုန်းကြီးကျောင်း အဆောက်အဦ တချို့ ပျက်စီးခဲ့ပါတယ်။

မွန်ပြည်နယ် သထုံခရိုင်အတွင်းမှာ ပြီးခဲ့တဲ့ ဧပြီလကစလို့ စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးနဲ့ လေ ကြောင်းတိုက်ခိုက်မှုတွေကြောင့် ဒေသခံ တစ်သောင်းကျော် စစ်ရှောင်နေရပြီး စားနပ်ရိက္ခာအကူ အညီ လိုအပ်နေတယ်လို့ KNU သထုံခရိုင်ထံကနေ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.