နေပြည်တော် ၊ မေ ၇
စစ်ခေါင်းဆောင်နဲ့ အဖွဲ့ဝင်တွေ ရုရှားနိုင်ငံကို သွားရောက်မယ့် ခရီးစဉ် မစတင်ခင် အပစ်ရပ်ကာလကို မေလကုန်အထိ သက်တမ်းတိုးလိုက်တယ်လို့ ကာကွယ်ရေးဦးစီးချုပ်ရုံးက မေ ၆ ရက်နေ့မှာ သတင်းထုတ်ပြန်ပါတယ်။
ငလျင်ဒဏ်သင့်ဒေသတွေမှာ ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေ အရှိန်အဟုန်နဲ့ ဆောင်ရွက်နိုင်ဖို့ ရည်ရွယ်ချက်နဲ့ မေ ၆ ရက်ကနေ ၃၁ ရက်နေ့အထိ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးကာလကို ထပ်မံ တိုးမြှင့်လိုက်တာပါ။
လက်ရှိကာလမှာ ငလျင်ကြောင့် ပျက်စီးဆုံးရှုံးခဲ့ရတဲ့ အစိုးရရုံးဌာနတွေ၊ ပြည်သူတွေရဲ့ အသက်အိုးအိမ်စည်းစိမ်နဲ့ လမ်းပန်းဆက်သွယ်ရေး၊ ပြန်လည်တည်ဆောက်ရေးလုပ်ငန်းတွေ လုပ်ဆောင်နေတဲ့အတွက် အပစ်ရပ်ကာလကို သက်တမ်းတိုးတာလို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
CDM ဗိုလ်ကြီး ဇင်ယော်က ရုရှားကို သွားမယ့် စစ်ခေါင်းဆောင်အနေနဲ့ တရုတ်အပါအဝင် ထိပ်သီးနိုင်ငံခေါင်းဆောင်တွေကိုလည်း တွေ့ဆုံမှာဖြစ်လို့ မျက်ရည်ခံထိုးဖို့ အပစ်ရပ်ကာလကို ခရီးစဉ်နဲ့ အချိန်ကပ်ပြီး သက်တမ်းတိုးတာလို့ သုံးသပ်ပါတယ်။
“ထပ်တိုးတာက စစ်ခေါင်းဆောင် မင်းအောင်လှိုင် ရုရှားခရီးစဉ်နဲ့လည်း သက်ဆိုင်နေတယ်။ သူ ထိပ်သီးနိုင်ငံအပေါ် တရုတ်အပါအဝင် ကျန်တဲ့ နိုင်ငံပေါင်း ၂၀ ကျော်လောက်က ခေါင်းဆောင်တွေနဲ့ တွေ့ရမှာဆိုတော့ (မအလ) ကျွန်တော်ကတော့ အပစ်ရပ်ခဲ့ပါတယ် အပစ်ရပ်ထားတယ်။ ဒါပေမယ့် တော်လှန်ရေးအင်အားစုတွေဘက်က တိုးလာလို့ ထိတွေ့မှုတွေ ရှိနေတာတော့ရှိတယ်။ ကျွန် တော်တို့ စစ်တပ်က ဘယ်လိုရင်ဆိုင်နေရပါတယ်ဆိုတဲ့ အနေအထားမျိုး မျက်ရည်ခံထိုးလို့ရမယ့် အနေအထားပေါ့၊ သူတို့ဘက်ကတော့ အမြဲတမ်း တစ်ဖက်သတ် အပစ်ရပ်ပါတယ်ဆိုတာကို ပြောချင်လို့၊ တိုက်တိုက်ဆိုင်ဆိုင် ၆ ရက်ခြားပြီးခါမှ မနက်ဖြန်ဆို လင်မယားနှစ်ယောက်လုံး သွားကြတော့မယ်။ သွားခါနီးမှာ ဒီစကားမျိုးပြောချင်လို့ အပစ်ရပ်ကာလကို သက်တမ်းတိုးတာလို့ မြင်ပါတယ် ”လို့ ဆိုပါတယ်။
မြန်မာနိုင်ငံအလယ်ပိုင်းမှာ လှုပ်ခတ်ခဲ့တဲ့ အင်အားပြင်းငလျင်ကြောင့် ကယ်ဆယ်ရေးနဲ့ ပြန်လည် ထူထောင်ရေးအတွက် စစ်ကောင်စီက ဧပြီ ၂ ရက်ကနေ ၃၀ ရက်နေ့အထိ ပစ်ခတ်ရပ်စဲရေးကို နှစ်ကြိမ် သက်တမ်းတိုးခဲ့တာပါ။
အာဆီယံ အလှည့်ကျ ဥက္ကဌ မလေးရှားနိုင်ငံကလည်း ဧပြီ ၃၀ ရက်နေ့မှာ စစ်ကောင်စီကို အပစ်ရပ်သက်တမ်းထပ်တိုးဖို့ တိုက်တွန်းခဲ့ပေမယ့် စစ်ကောင်စီဘက်က မေ ၁ ရက်နေ့မှာ ယာယီအပစ်ခတ်ရပ်စဲရေးကို သက်တမ်းမတိုးခဲ့ပါဘူး။
မကြာမီ ရက်ပိုင်းအတွင်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ရုရှားသမ္မတရဲ့ ဖိတ် ကြားချက်အရ မော်စကိုမြို့မှာ ကျင်းပမယ့် ၁၉၄၁ – ၁၉၄၅ မဟာမျိုးချစ်စစ်ပွဲကြီး အောင်ပွဲ နှစ် (၈၀) ပြည့် အခမ်းအနားကို ဇနီးနဲ့အတူ တက်ရောက်ဖို့ ရှိနေတာပါ။
အဲဒီအခမ်းအနားကို တက်ရောက်လာတဲ့ နိုင်ငံ့ခေါင်းဆောင်တွေနဲ့လည်း သီးခြားစီ တွေ့ဆုံဆွေးနွေးသွားမယ်လို့ စစ်ကောင်စီက မေ ၅ ရက်နေ့မှာ သတင်းထုတ်ပြန်ခဲ့ပြီး နောက်တစ်နေ့မှာ အခုလို ယာယီအပစ်ရပ်ကာလကို သက်တမ်းတိုးလာတာပါ။
အပစ်ရပ်ကာလအတွင်း တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေအပါအဝင် အခြားလက်နက်ကိုင်အဖွဲ့တွေအနေနဲ့ တပ်စခန်းတွေကို တိုက်ခိုက်တာ၊အင်အားစုဆောင်းတာ၊ ပြင်ဆင်စုဖွဲ့တာနဲ့ နယ်မြေချဲ့ထွင်တာတွေ လုပ်ရင် စစ်ကောင်စီတပ်အနေနဲ့ အရေးယူတုံ့ပြန်သွားမယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
ဗိုလ်ကြီး ဇင်ယော် သုံးသပ်တာက စစ်ကောင်စီတပ်အနေနဲ့ အပစ်ရပ်ပေမယ့် လေကြောင်းကနေ ဗုံးကြဲတာတွေ ရပ်မယ့် အနေအထားမျိုး ရှိမှာမဟုတ်ဘဲ မြေပြင်မှာလည်း စစ်ကြောင်းထိုးတာတွေ ရပ်တန့်မှာ မဟုတ်ဘူးလို့ ပြောပါတယ်။
“အခုအပစ်ရပ်ထားတဲ့ ကာလမှာလည်း သူတို့က အပစ်သာရပ်တာပေါ့နော်။အရပ်ပြောဆိုသလို အကြဲကတော့ မရပ်ဘူး။မြေပြင်မှာလည်း စစ်ကြောင်းထိုးလှုပ်ရှားမှုက ရပ်တန့်မှာ မဟုတ်ပါဘူး။ဒါက ကြေညာချက်တစ်ရပ်သာ ဖြစ်တယ်။TNLA ထိန်းချုပ်ထားတဲ့ မြို့ နယ် ၁၂ မြို့နယ်ကို လေကြောင်းတိုက်ခိုက်မှု ရှိဦးမလားဆိုတာ နည်းနည်းစောင့်ကြည့်ရမယ်။ကျန်တဲ့ စစ်ကိုင်း၊မကွေး၊ပဲခူး၊ မြစ်ဝ ကျွန်းပေါ်ဒေသအပါအဝင် ကျန်တဲ့ ထိတွေ့မှုရှိတဲ့ နေရာကတော့ လေကြောင်းကနေ ပစ်ခတ်မှု ရပ်မှာ မဟုတ်ဘူးလို့ ကျွန်တော်ကတော့ မြင်ပါတယ်။TNLA တောင်းဆိုချက်ထဲမှာပါတဲ့ လေကြောင်းတိုက်ခိုက်မှု ရပ်တန့်ပေးမလားဆိုတာတော့ ကျွန်တော်တို့ တချက်စောင့်ကြည့်ရမယ်” လို့ ဆိုပါတယ်။
BNI – Myanmar Peace Monitor ရဲ့ မှတ်တမ်းတွေအရ ဧပြီ ၂ ရက်ကနေ ၂၂ ရက်နေ့အထိ စစ်ကောင်စီရဲ့ အပစ်ရပ်ကာလအတွင်း မြို့နယ် ၄၀ မှာ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုဖြစ်စဉ် ၇၁ ခုရှိခဲ့ပြီး ဒေသခံပြည်သူ ၁၁၈ ဦး သေဆုံးခဲ့ရပါတယ်။
အပစ်ရပ်ကာလအတွင်း ရန်ကုန်တိုင်းကလွဲရင် ကျန်တိုင်းနဲ့ ပြည်နယ်တွေမှာ စစ်ကောင်စီက လေ ကြောင်းတိုက်ခိုက်မှုတွေကို နေ့စဉ်ရက်ဆက်ကျူးလွန်ခဲ့ပြီး ငလျင်ဒဏ်ကို အပြင်းထန်ဆုံး ကြုံတွေ့ခဲ့ရတဲ့ မန္တလေးတိုင်းနဲ့ စစ်ကိုင်းတိုင်းတို့ဟာ အခံရဆုံးဒေသတွေလို့ ဆိုပါတယ်။
ဒီအခြေအနေတွေကြောင့် အာဆီယံဥက္ကဌအပါအဝင် နိုင်ငံတကာအစိုးရအဖွဲ့တွေအနေနဲ့ စစ်ကောင်စီရဲ့ အပစ်ရပ်ကြေညာချက်ကို ကြိုဆိုသလိုမျိုး နောက်ဆက်တွဲလုပ်ရပ်တွေကိုလည်း အ လေးထားစောင့်ကြည့်ဖို့ BNI – Myanmar Peace Monitor က ထောက်ပြထားပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-SAC Telegram