မော်လမြိုင် ၊ မေ ၈
ရန်ကုန်-မော်လမြိုင်ရထားလမ်း မိုင်းခွဲဖျက်ဆီးခံရတာကြောင့် ရထားခရီးစဉ်တွေ မေ ၉ ရက်နေ့အထိ ပြန်လည်ပြေးဆွဲဖို့ မသေချာသေးဘူးလို့ မြန်မာ့မီးရထားဌာနမှ တာဝန်ရှိသူ တစ်ဦးက သံလွင်တိုင်းမ်ကို ပြောပါတယ်။
ရန်ကုန်-မော်လမြိုင် ရထားလမ်းပိုင်းဖြစ်တဲ့ ဘီးလင်းမြို့နယ် နှင်းပုလဲဘူတာနဲ့ တောင်စွန်းဘူတာကြားရှိ ရထားလမ်းမိုင်တိုင် အမှတ် ၁၁၂/၁၀-၁၁ ကြား တံတား အမှတ် ၆၅ ဟာ မေ ၅ ရက်နေ့ ညပိုင်းက မိုင်းထောင်ဖျက်ဆီးခံခဲ့ရတာပါ။
မိုင်းထောင်ဖျက်ဆီးခံရတာကြောင့် ရထားလမ်း ပေ ၈၀ တံတားဟာ ပေ ၄၀ ကျော် ပျက်စီးသွားတဲ့အတွက် ရထားလမ်းခရီးစဉ်အားလုံး ယာယီဖျက်သိမ်းလိုက်ရပါတယ်။
မြန်မာ့မီးရထားဌာန တာဝန်ရှိသူတစ်ဦးကတော့ ရန်ကုန်-မော်လမြိုင် မီးရထားလမ်းပိုင်းပျက်စီးသွားတာကြောင့် မေ ၉ ရက်နေ့ထိမထွက်နိုင်သေးကြောင်း ပြင်ဆင်ပြီးတာနဲ့ ခရီးစဉ်တွေ ပြန်လည်စတင် မယ်လို့ ပြောပါတယ်။
“လောလောဆယ် မေ ၉ ရက်နေ့ထိ မထွက်နိုင်သေးဘူး။ တံတားပြုပြင်နေတယ်။ အမြန် လုပ်နေပါတယ်။ ပြီးပြီးချင်း လမ်းပြင်ပြီးတာနဲ့ အခုလမ်းတွေ ပြုပြင်ဆောင်ရွက်နေတယ်။ ပြီးတာနဲ့ တန်းထွက်မှာပါ” လို့ ဆိုပါတယ်။
မိုင်းထောင်ဖျက်ဆီးခံရတဲ့ ရထားလမ်းဟာ လမ်းအပြင် တံတားပါ ပျက်စီးသွားတာကြောင့် ပြင်ဆင်မှု ကြန့်ကြာနေတာဖြစ်ပြီး အချိန်မီပြန်လည်ပြုပြင်နိုင်အောင် ဆောင်ရွက်နေတယ်လို့ သူက ဆက်ပြောပါတယ်။
မော်လမြိုင် ဘူတာကြီးဘက်ကတော့ ရထားလမ်း ပျက်စီးသွားတာကြောင့် မေ ၆ ရက်နေ့နဲ့ မေ ၇ ရက်နေ့မှာ ထွက်ခွာမယ့် မော်လမြိုင်-ရန်ကုန် ရထားခရီးစဉ်နဲ့ ရန်ကုန်-မော်လမြိုင် ရထားခရီးစဉ်ကိုပါ ယာယီ ဖျက်သိမ်းထားတယ်လို့ ထုတ်ပြန်ထား ပါတယ်။
ရထားခရီးစဉ်တွေကို ယာယီဖျက်သိမ်းလိုက်ရတဲ့အတွက် ခရီးစဉ် လိုက်ပါဖို့ လက်မှတ်ဝယ်ယူထားသူတွေအနေနဲ့ မော်လမြိုင် ဘူတာကြီး နေ့ချင်းလက်မှတ်ရုံမှာ လက်မှတ်ခတွေကို ပြန်အမ်းပေးသွားမယ်လို့ ကြေညာထားပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-CJ