ပဲခူး၊ မေ ၈
မွန်ပြည်နယ်နဲ့ ပဲခူးတိုင်းအစပ်တွေဖြစ်တဲ့ ရွှေကျင်၊ဝေါမြို့နယ်နဲ့ကျိုက်ထိုမြို့နယ်တို့မှာ စစ်ကောင်စီဘက်က တပ်အင်အားတွေ ထပ်မံဖြည့်တင်းထားပြီး ခုခံစစ်ပြင်ဆင်မှုတွေ လုပ်ဆောင်နေတယ်လို့ စစ်ကောင်စီတပ်နဲ့နီးစပ်သူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။
စစ်ကောင်စီတပ်ဟာ မေလပထမအပတ်ကစလို့ ပဲခူးတိုင်း ဝေါမြို့နယ်ရှိ သူရဲသမိန်၊ လက်ပန်၊ ဆင်ရွာ၊ မွန်ပြည်နယ် ကျိုက်ထိုမြို့နယ် သိမ်ဇရပ်မြို့ အခြေစိုက် ခမရ ၂၀၇ နဲ့ အမတ ၃၁၀ တပ်ရင်းတို့မှာ တပ်အင်အား ရာနဲ့ချီ ထပ်မံဖြည့်တင်းထားပါတယ်။
အင်အားဖြည့်တင်ထားတဲ့ တပ်ဖွဲ့ဝင်တွေကို လက်ရှိဖြစ်ပွားနေတဲ့ ပဲခူးတိုင်း၊ ရွှေကျင်မြို့နယ် ကွမ်းဆိပ်ကျေးရွာအနီးဝန်းကျင်ကို ပို့ဆောင်ဖို့ ကြိုးပမ်းနေပြီး တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ ပိတ်ဆို့တိုက် ခိုက်မှုကြောင့် ရှေ့မတိုးနိုင်တဲ့အခြေအနေနဲ့ ကြုံနေရတာပါ။
စစ်ကောင်စီတပ်ဟာ မြေပြင်ကနေ ရှေ့ဆက်တိုးလို့မရတာကြောင့် အထိုင်တပ်စွဲထားတဲ့နေရာတွေကနေ နေ့စဉ်လက်နက်ကြီးတွေနဲပစ်ခတ်နေသလို ဒရုန်းအသုံးပြု ဗုံးချတာ၊ လေကြောင်းကနေ ဗုံး ကြဲတာတွေ ပြုလုပ်နေတယ်လို့ တော်လှန်ရေးတပ်ဖွဲ့တွေထံက သိရပါတယ်။
တဖက်မှာတော့ တိုက်ပွဲဖြစ်ပွားနေတဲ့ ကွမ်းဆိပ်ရွာအနီးဝန်းကျင်ဖြစ်တဲ့ စစ်တောင်းမြစ်တဖက်ကမ်း ဝေါမြို့နယ်ထဲက သူရဲသမိန်၊ ဆင်ရွာ၊ လက်ပန်၊ စက်စု၊ ဂျိုးလေးကျေးရွာတွေမှာ စစ်ကောင်စီဘက်က တပ်စွဲထားတာတွေ ရှိနေပါတယ်။
ဒါ့အပြင် ကျိူက်ထိုမြို့နယ် သိမ်ဇရပ်မြို့အနီးမှာဆိုရင်လည်း ခမရ ၂၀၇၊ အမတ ၃၁၀ တပ်ရင်းတို့လို အထိုင်တပ်တွေအပါအဝင် ကင်းပုန်းတွေလည်း အများအပြား ရှိနေတာပါ။
မေ ၇ ရက်နေ့ မနက်ပိုင်းထိ ကွမ်းဆိပ်ကျေးရွာအနီးဝန်းကျင်မှာ တိုက်ပွဲတွေ ဆက်ဖြစ်နေသလို တိုက်ပွဲကာလ နှစ်ပတ်ကျော်အတွင်း နှစ်ဖက်ထိခိုက်သေဆုံးမှုတွေ ရှိနေတယ်လို့ မြေပြင်သတင်းရင်းမြစ်တွေရဲ့ ပြောပြချက်အရ သိရပါတယ်။
မွန်နဲ့ပဲခူးအစပ် တိုက်ပွဲတွေကြောင့် ဒေသခံ ၉၀၀၀ နီးပါး နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရပြီး စားနပ်ရိက္ခာအပါအဝင် ဆေးဝါးအကူအညီတွေ လိုအပ်နေတယ်လို့ စစ်ရှောင်အရေးကူညီနေသူတွေထံက သိရပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-CJ