ဘာလင်၊ မေ ၇

အမေရိကန်သမ္မတ ဒေါ်နယ် ထရန့်ရဲ့ မဟာမိတ်တွေဆီက အားကောင်းတဲ့ ထောက်ခံမှုကို လက်ယာစွန်းရောက် AfD ပါတီ ရရှိခဲ့ပြီးနောက် ဂျာမနီ အဓိပတိအသစ် ဖရက်ဒရစ် မာ့ဇ်က အမေရိကန်အနေနဲ့ သူ့ နိုင်ငံရဲ့ နိုင်ငံရေးမှာ ကြားဝင်မပါသင့်ဘူးလို့ မေ ၆ ရက်မှာ ပြောကြားလိုက်ပါတယ်။

အမေရိကန် ရွေးကောက်ပွဲ မဲဆွယ်မှုတွေမှာ ကျွန်တော် ကြားဝင် မစွက်ပါဘူးလို့ အဓိပတိအသစ် မာ့ဇ်က ပြောကြားပြီး သူ့အနေနဲ့ အမေရိကန် နိုင်ငံသားတွေဟာ အစွန်းရောက်ပါတီတွေနဲ့ နိုင်ငံရေး ဗဟိုပြုပါတီတွေကို ရှင်းရှင်းလင်းလင်း ခွဲခြားနိုင်တယ်လို့ အမြဲ ခံစားခဲ့ရကြောင်း ပြောပါတယ်။

သမ္မတ ထရန့်က အမေရိကန်ကို ဥရောပကနေ နောက်ဆုတ်စေခဲ့ပြီးနောက် ဥရောပ ဦးဆောင်တဲ့ ကာကွယ်ရေး စွမ်းပကား ပိုမို ကြီးထွားလာစေရေး တိုက်တွန်းထားတဲ့ မာ့ဇ်ကို စောစောပိုင်းမှာ ချီးကျူး ဂုဏ်ပြုခဲ့ပြီး လုံခြုံရေးနဲ့ ပတ်သက်လို့ ပူးပေါင်းဆောင်ရွက်ကြဖို့ တိုက်တွန်းခဲ့ ပါတယ်။

အမေရိကန်နဲ့ ဥရောပ လုံခြုံရေးအတွက် ဂျာမနီနဲ့ မိမိတို့ လက်တွဲ အလုပ်လုပ်သွားမှာ ဖြစ်သလို နောင်တက်လာမယ့် အစိုးရနဲ့လည်း လက်တွဲသွားမှာ ဖြစ်တယ်လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရ အမျိုးသမီး တမ်မီ ဘရု့စ်က သတင်းထောက်တွေကို ပြောထားပါတယ်။

ဒါပေမဲ့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မာကို ရူဘီယိုနဲ့ ဒုသမ္မတ ဂျေဒီ ဗင့်စ်တို့က ဂျာမနီ လက်ယာစွန်းရောက် AfD ပါတီကို အစွန်းရောက် အုပ်စု အဖြစ်သတ်မှတ်မှုနဲ့ ပတ်သက်လို့ ဆန့်ကျင် ပြောဆိုမှုကြောင့် အချေအတင် ဖြစ်ခဲ့ပါတယ်။

ရွှေ့ပြောင်းနေထိုင်မှု ဆန့်ကျင်တဲ့ AfD ပါတီအပေါ် ဒီလို လုပ်ဆောင်တာဟာ ဘာလင်တံတိုင်းသစ် ကာရံပြီး နိုင်ငံကို ပိုင်းခြားလိုက်သလိုပဲ လို့ ဒုသမ္မတ ဗင့်စ်က ပြောဆိုခဲ့တာပါ။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီက ဂျာမနီ ခရီးစဉ်အတွင်း AfD ပါတီ ခေါင်းဆောင်ဟာ ဒုသမ္မတ ဂျေဒီဗင့်စ်နဲ့ တွေ့ဆုံခဲ့ပါတယ်။

ဂျာမနီအနေနဲ့ ရာဇဝင်ကနေ သင်ခန်းစာ ယူထားပြီး ဖြစ်ကြောင်းနဲ့ လက်ယာယိမ်း အစွန်းရောက်ဝါဒကို တားဆီးဖို့ လိုအပ်နေတယ်လို့ ဂျာမနီ နိုင်ငံခြားရေးဝန်ကြီးက ပြန်လည် ထိုးနှက်ထားပါတယ်။

ဗဟို-လက်ယာဝါဒီ မာ့ဇ်က ဥရောပအနေနဲ့ ကိုယ့်လုံခြုံရေးအတွက် ပိုပြီး အလုပ်လုပ်သင့်တယ်လို့ ပြောဆိုထားပါတယ်။

ဒေါ်နယ် ထရန့် အိမ်ဖြူတော်သို့ ဒုတိယအကြိမ် ရောက်ရှိလာပြီး နောက်ပိုင်း အမေရိကန်မှာ လက်ယာစွန်းတွေ အားကောင်းလာသလို ပြည်ပက လက်ယာစွန်းတွေကိုလည်း အားပေးအားမြှောက် ပြုလုပ်လာနေတာ ဖြစ်ပါတယ်။

Ref:Agencies

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.