ဖာပွန်၊ မေ ၇
ကရင်ပြည်နယ် ဖာပွန်ခရိုင်ထဲမှာ ကျန်ရှိနေတဲ့ ခြေကုပ်စခန်းတွေဆီ ရိက္ခာလက်နက်ပစ္စည်းတွေနဲ့ တပ်အင်အားတွေ ဖြည့်ဆည်းဖို့ စစ်ကောင်စီတပ်က ကြိုးပမ်းလာတာကြောင့် ထိတွေ့တိုက်ပွဲတွေ မကြာခဏ ဖြစ်ပွားနေတယ်လို့ KNU တပ်မဟာ ၅ ပြောခွင့်ရ ဗိုလ်မှူးကြီးစောကလယ်ဒိုက သံလွင်တိုင်းမ်ကို ပြောပါတယ်။
ဖာပွန်ခရိုင် KNU တပ်မဟာ ၅ နယ်မြေထဲမှာ ကျန်ရှိနေသေးတဲ့ တပ်စခန်းတွေအတွက် စစ်ကောင်စီတပ်က လေယာဉ်နဲ့လာပြီး လက်နက်ခဲယမ်း၊ ဆေးဝါးနဲ့ ရိက္ခာတွေ လာရောက်ချပေးတာတွေ ဆက် လက်လုပ်ဆောင်နေတာ ဖြစ်ပါတယ်။
လက်ရှိမှာလည်း စစ်ကောင်စီတပ်က ကရင်ပြည်နယ် ဖာပွန်ခရိုင် ကမမောင်းမြို့ကနေတစ်ဆင့် ကတိုင်တိဒေသထဲကို စစ်ကြောင်းထိုးဖို့ ကြိုးစားလုပ်ဆောင်နေပေမယ့် KNLA တပ်မဟာ ၅ တော်လှန် ရေးပူးပေါင်းတပ်တွေရဲ့ ကြားဖြတ်ဟန့်တားတိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်စစ်ကြောင်း နောက်ပြန်ဆုတ်သွားခဲ့ရတာပါ။
ကမမောင်း-ဖာပွန် ကားလမ်းပိုင်းက ကတိုင်တိကျေးရွာမှာရှိတဲ့ BGF အမှတ် ၁၀၁၃ တပ်ရင်းစခန်းဟောင်းဆီ တပ်စွဲနေထိုင်တဲ့ စစ်ကောင်စီတပ်သားတွေကို KNLA တပ်မဟာ ၅ တော်လှန်ရေးပူး ပေါင်းတပ်တွေက ၃ လကျော်ကြာ ပိတ်ဆို့ထားပြီး ပိတ်ဆိုခံရတဲ့ တပ်သားတွေဆီ စစ်ကူပေးနိုင်ဖို့ စစ်ကောင်စီတပ်က မကြာခဏ ကြိုးစားလုပ်နေပါတယ်။
ဒီလို ကတိုင်တိဒေသဆီ စစ်ကူပေးပို့နိုင်ဖို့အတွက်လည်း စစ်ကောင်စီတပ်က စစ်ကြောင်းတွေကို စုဖွဲ့ထားပြီး ကမမောင်းမြို့ကနေ ကတိုင်တိဘက်ကို ဦးတည်တဲ့ စစ်ကြောင်းထိုးစစ်ရေးလှုပ်ရှားတာတွေ မကြာခဏ ပြုလုပ်နေတဲ့အတွက် KNLA တပ်မဟာ ၅ တော်လှန်ရေးပူးပေါင်းတပ်တွေနဲ့ ထိတွေ့တိုက်ပွဲတွေ ဆက်ဖြစ်နေခဲ့ပါတာပါ။
စစ်ကောင်စီတပ်က စစ်ကြောင်းထိုးစစ်ရေးလှုပ်ရှားလာပေမယ့် KNLA တပ်မဟာ ၅ တော်လှန်ရေးပူးပေါင်းတပ်တွေရဲ့ ကြားဖြတ်တိုက်ခိုက်မှုကြောင့် ရှေ့ဆက်မတိုးနိုင်သလို စစ်ကောင်စီတပ်စစ် ကြောင်းဟာ ကတိုင်တိဒေသဆီ ရောက်ရှိလာဖို့ကလည်း အလားအလာမရှိဘူးလို့လည်း ဗိုလ်မှူးကြီးစောကလယ်ဒိုက ပြောဆိုထားပါတယ်။
ဒါ့အပြင် ဖာပွန်အနောက်မြောက်က တပ်မဟာ ၅ နဲ့ တပ်မဟာ ၃ အစပ်ကြားရှိ တည်ရှိနေတဲ့ တပ်စခန်းတွေဆီ စစ်ကောင်စီတပ်က လက်နက်ခဲယမ်း ရိက္ခာပစ္စည်းတွေသာမက လူအင်အားတွေကိုပါ ဖြည့်ဆည်းဖို့ ကြိုးစားနေပြီး KNLA တပ်မဟာ ၅ တော်လှန်ရေးပူးပေါင်းတပ်တွေနဲ့လည်း တိုက်ပွဲတွေ ခဏခဏ ဖြစ်နေတာရှိတယ်လို့ ဆိုပါတယ်။
KNU ဗဟိုရဲ့ မေလ ၅ ရက်နေ့ သတင်းထုတ်ပြန်ထားချက်အရ ပြီးခဲ့တဲ့ ဧပြီလ တစ်လတာအတွင်း ဖာပွန်ခရိုင်ထဲမှာ စစ်ကောင်စီတပ်နဲ့ KNLA တပ်မဟာ ၅ တို့အကြား တိုက်ပွဲအကြိမ်ပေါင်း ၁၃၀ ကျော်ဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်ဘက်က ဗိုလ်မှူးအဆင့်ရှိသူ ၂ ဦးအပါအဝင် ၄၀ နီးပါး သေဆုံးခဲ့ပြီး ၅၀ ကျော် ဒဏ်ရာရရှိခဲ့ပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-CJ