ပုလော၊ မေ ၇

တနင်္သာရီတိုင်း ပုလောမြို့နယ်က အရက်ဆိုင်မှာ ရှိနေတဲ့ ပြည်သူ့စစ်ခေါင်းဆောင်နှစ်ဦး အပါအဝင် ပျူစောထီး သုံးဦးကို ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ မြိတ်ခရိုင် အမှတ် ၁ တပ်ရင်းထံကနေ သိရပါတယ်။

မေ ၆ ရက်နေ့ ညနေ ၅ နာရီခွဲအချိန်ခန့်မှာ ပုလောမြို့နယ်ရှိ ပုလော‌‌ကုန်းကျေးရွာ၊ ပလမြို့နဲ့ ပုလောမြို့တွေက ပျူစောထီးအဖွဲ့၀င် သုံးဦးကို ပြည်သူ့ကာကွယ်ရေး ပူးပေါင်းအဖွဲ့တွေက ပစ်ခတ်ရှင်းလင်းခဲ့တာပါ။

ပစ်ခတ် ရှင်းလင်းခံရတဲ့ ပျူစောထီးတွေဟာ ပုလောကုန်းကျေးရွာမှ အသက် ၆၀ နှစ်အရွယ် ပျူစောထီး ခေါင်းဆောင် ကုလားနီ၊ ပလမြို့မှ အသက် ၅၂ နှစ်အရွယ် ပျူစောထီးခေါင်းဆောင် ကျော်သူရနဲ့ ပုလောမြို့မှ ပျူစောထီးအဖွဲ့ဝင် သန်းနိုင် ဖြစ်တယ်လို့ ဆိုပါတယ်။

သူတို့သုံးဦးဟာ ပုလောမြို့နယ် အမှတ် ၂ ရပ်ကွက်ရှိ အရက်ဆိုင်မှာ ရှိနေစဉ် ပြည်သူ့ကာကွယ်ရေး ပူးပေါင်းအဖွဲ့တွေက ၀င်ရောက်ပစ်ခတ် ရှင်းလင်းခဲ့တာဖြစ်ပြီး သေနတ်တစ်လက် သိမ်းဆည်းရမိခဲ့တယ်လို့ မြိတ်ခရိုင် အမှတ် ၁ တပ်ရင်း ပြန်ကြားရေး တာဝန်ခံက သံလွင်တိုင်းမ်ကို ပြောပါတယ်။

သေဆုံးသွားတဲ့ ပျူစောထီးသုံးဦးစလုံးဟာ ပြည်သူ‌တွေကို ခြိမ်းခြောက် ငွေညှစ်တာ၊ ဖမ်းဆီးတာ၊ လူငယ်တွေကို အတင်းအဓမ္မ စစ်မှုထမ်း စုဆောင်းတာအပြင် ပုလောမြို့နယ်မှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း ပြည်သူပိုင် နေအိမ်တွေကို မီးရှို့ဖျက်စီးခဲ့တဲ့ အဓိက တရားခံ ဖြစ်တယ်လို့ ဆိုပါတယ်။

ဒီပစ်ခတ်မှုကို မြိတ်ခရိုင် အမှတ် ၁ တပ်ရင်းနဲ့ မြိတ်ခရိုင် ပြည်သူ့ကာကွယ်ရေးပူးပေါင်းအဖွဲ့တွေက လုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၇ ရက်နေ့ကလည်း ပုလောမြို့နယ် အမှတ် ၃ ရပ်ကွက်ရှိ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးတစ်ဦးနဲ့ စာတိုက်စာရေးတစ်ဦး ပစ်ခတ်ရှင်းလင်းခံရပြီး သေဆုံးခဲ့တယ်လို့ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – မြိတ်ခရိုင် အမှတ် ၁ တပ်ရင်း

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.